DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
DVB
·
March 27, 2024
ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၅၅၂ ကို မတ် ၂၅ ရက် နေ့လယ်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန် ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကနေစပြီးတော့ ခမရ ၅၅၂ ကို AA တပ်ဖွဲ့တွေက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၃၂ ရက်အကြာ မတ်လ ၂၅ ရက်နေ့မှာ တပ်ရင်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ မတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

"ရန်သူ့လက်ကျန်စခန်းများထဲမှ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၂ စခန်းအား ရန်သူ၏ ကြည်း၊ လေ အပြင်းအထန် ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း ၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင် စခန်းတခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်”လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ ထိုးစစ်အရှိန်မြှင့်ပြီးတော့  စစ်ကောင်စီရဲ့ တပ်စခန်းတိုင်းကို ပိတ်ဆို့ဝိုင်းရံပြီး တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော်ဟာ မောင်တောမြို့နယ်က ကြိမ်ချောင်းရဲကင်းစခန်းကိုလည်း အပြီးသတ်ရရှိနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်တွေကြောင့် မောင်တောမြို့ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်လောက် AA တပ်ဖွဲ့ထံမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက်ထားတယ်လို့  AA က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တဦးက "ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေကလွဲရင် အကုန်လုံးကို AA ဘက်ကနေ သိမ်းထားပြီဆိုတော့ အခု ဘူးသီးတောင်၊ မောင်တောကိုရရင် AA အနေနဲ့ စစ်တွေကိုပဲ သိမ်းဖို့ကျန်တော့တယ်။ စစ်ကောင်စီတပ်သားတွေမှာတော့ ဘယ်သူက တိုင်းပြည်ရန်သူလဲဆိုတာ သိသင့်ပြီ။ ကိုယ့်အသက်မဆုံးရှုံးရအောင် လက်နက်ချပြီး အလင်းဝင်တာက အကောင်းဆုံး ရွေးချယ်ရာလမ်းပဲ" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ပြိုလက်ဝဲ၊ လက်ယာမြို့တွေအပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ သိမ်းပိုက်ရယူထားတဲ့ ရက္ခိုင့်တပ်တော်ဟာ လက်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်တဲ့ အမ်းမြို့မှာပါ တိုက်ပွဲတွေဖြစ်ပွားနေတော့ ဘူးသီးတောင်၊ မောင်တောနယ်စပ်မြို့နှစ်မြို့ကိုပါ သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင် နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013