DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မွတ်စလင်ကျောင်းသားများ အစိုးရအတန်းပညာသင်နိုင်ရန် AA နှင့်ဆွေးနွေး
DVB
·
July 30, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မွတ်စလင်ကျောင်းသား၊ ကျောင်းသူတွေ အစိုးရ အတန်းပညာ သင်ယူနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ မွတ်စလင်ဘာသာရေးခေါင်းတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီမှာ ဘူးသီးတောင်မြို့နယ်အတွင်းက နေရာတခုမှာ ULA တာဝန်ရှိသူတွေ၊ ပညာရေးနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ မော်လဝီဆရာတွေနဲ့ တွေ့ဆုံဆွေးနွေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ULA မောင်တောခရိုင်က တာဝန်ရှိသူတွေအပြင် မောင်တောခရိုင် အုပ်ချုပ်ရေးနဲ့ ပညာရေး တာဝန်ရှိသူတွေ၊ ဘူးသီးတောင်မြို့နယ် တာဝန်ရှိသူတွေ၊ ခရိုင်မွတ်စလင်ရေးရာ ကောင်စီဝင်တွေ၊ ဂျူရီအဖွဲ့ဝင်တွေ၊ မဒရာဆာကျောင်းတွေက မော်လဝီဆရာတွေနဲ့ ကျောင်းဆရာတွေ၊ အသိအမှတ်ပြုဗလီတွေက အီမမ်နဲ့ မော်လဝီဆရာတွေ အပါအဝင် စုစုပေါင်း ၃၀၉ ယောက် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ မွတ်စလင်လူငယ်တွေ မဒရာဆာပညာတင်မကဘဲ အစိုးရအတန်းပညာကိုလည်း သင်ယူဖို့ လိုအပ်တယ်လို့ ULA ဘက်က ပြောပါတယ်။

အဲဒီလို သင်ယူနိုင်ရင် အစိုးရဌာနတွေမှာ အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုများလာမဲ့အပြင် လူမှုဘဝနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လည်း အကျိုးရှိမယ်လို့ ဆိုပါတယ်။

အခုလို မွတ်စလင်နဲ့ ရခိုင်တွေအကြား ခွဲခြားမှုမရှိဘဲ သဟဇာတဖြစ်အောင် နေထိုင်ရတဲ့အပြင် ULA က ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးမှုအပေါ် တကယ့်ကို ဝမ်းသာမိပြီး ကျေးဇူးတင်ကြောင်း ဘူးသီးတောင်ဒေသခံ မွတ်စလင်လူငယ်တယောက်က ပြောပါတယ်။

“ကျနော်တို့ အရင်အစိုးရလက်ထက်က ဖိနှိပ်ခံခဲ့ရတယ်။ မွတ်စလင်လူမျိုးဆိုရင် တက္ကသိုလ်တောင် တက်ခွင့်မပေးတာမျိုး ရှိခဲ့တယ်။ နယ်ကျေးရွာမှာဆို စာမတတ်တဲ့လူတွေ အများကြီးပဲ။ အခုလို ရခိုင်အစိုးရလက်ထက်မှာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လာတာကို တကယ်ကျေးဇူးတင်တယ်။ တန်းတူဆက်ဆံတဲ့အပေါ်လည်း ဝမ်းသာမိတယ်။”

အခမ်းအနားမှာ ULA မောင်တောခရိုင် တာဝန်ရှိသူက အဖွင့်အမှာစကား ပြောကြားပြီး မွတ်စလင်တွေ ရခိုင်ဘာသာစကား မတတ်တာကြောင့် ဆေးရုံဆေးခန်းသွားတဲ့အခါ စကားပြန် လိုအပ်တာ၊ သွားလာရေးနဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံရတာအပြင် ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်းအကြား လူမှုဆက်ဆံရေး အားနည်းလာတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မဒရာဆာပညာနဲ့ အစိုးရအတန်းပညာ ၂ မျိုးစလုံးက အရေးကြီးတာကြောင့် မျှတစွာ သင်ကြားပေးသင့်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဘူးသီးတောင်ဒေသခံ မွတ်စလင်ဒေသခံ အမျိုးသမီးတယောက်ကလည်း “ကျမတို့က အသက်ကြီးလို့ စာသင်ဖို့အရွယ် မဟုတ်‌ပေမဲ့ သားသမီးတွေကို ပညာတတ်အောင်ထားဖို့ စိတ်ကူးရှိတယ်။ အခု ပညာတတ်ဖြစ်ရင် AA အစိုးရဆီမှာ သားသမီးတွေကို အလုပ်သွင်းလို့ရတယ်။ အရင်အစိုးရလက်ထက်က မွတ်စလင်ဝန်ထမ်းဆိုတာ မရှိသလောက် ရှားတယ်” လို့ ပြောပါတယ်။

အစိုးရပညာသင်ကြားပေးတာကြောင့် မဒရာဆာကျောင်းတွေ ပျောက်သွားမှာကို စိုးရိမ်စရာမလိုဘဲ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း ULA က တိုက်တွန်းခဲ့ပါတယ်။

အရင်စစ်အစိုးရလက်ထက်တွေမှာ ရခိုင်နဲ့ မွတ်စလင်ကြား လူမျိုးရေးပြဿနာတွေကို ဖန်တီးခဲ့သလို မွတ်စလင်တွေကို အစိုးရဌာနတွေမှာ တာဝန်ထမ်းဆောင်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေ ကန့်သတ်ထားခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့တော့ ဘာသာ၊ လူမျိုး မခွဲခြားဘဲ ပညာသင်ကြားခွင့်နဲ့ အစိုးရတာဝန် ထမ်းဆောင်ခွင့်တွေကို တန်းတူညီမျှ ပေးနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပညာရေးတာဝန်ရှိသူတွေကလည်း လာမဲ့ပညာသင်နှစ်မှာ မွတ်စလင်ဆရာ၊ ဆရာမ ၅၀၀ ခန့် ခန့်အပ်နိုင်ဖို့ ရည်မှန်းထားပြီး လူငယ်တွေကို ပညာသင်ကြားဖို့ မိဘတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဝိုင်းဝန်းတိုက်တွန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မော်လဝီဆရာတွေကလည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မဒရာဆာကျောင်း ၂၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းသုံးစာအုပ်တွေနဲ့ စာရေးကိရိယာတွေကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013