DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်ပြုပြင်ရေးကိစ္စ ဆောင်ရွက်ရာ၌ ရလဒ်ကို ပြနိုင်ရန်လိုဟု NUG ယာယီသမ္မတပြော
DVB
·
March 26, 2024
တိုင်းပြည်ပြုပြင်ရေးကိစ္စ ဆောင်ရွက်ရာ၌ ရလဒ်ကို ပြနိုင်ရန်လိုဟု NUG ယာယီသမ္မတပြော
Donate to DVB

တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြတဲ့အခါမှာ action နဲ့ result ကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆတာကြောင့် အားလုံးရဲ့ ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီကနေ့ မတ် ၂၆ ရက်မှာ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်တာ ဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျနော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန်ဖြစ်ဖို့လည်း လိုသလို လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက် ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ ‘ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး’ ကိုလည်း အလေးအနက်ထားဖို့ ထပ်မံတိုက်တွန်းချင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ ကျနော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့လူထု ဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။”

ဒါ့အပြင် အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက်အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့ လိုကြောင်းနဲ့ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း တွေ့မြင် ခံစားကြရမယ်လို့ ယုံကြည်ကြောင်း၊ လူထုအတွက် တော်လှန်ရေး၊ လူထုရဲ့ တော်လှန်ရေး၊ လူထုကဆင်းသက်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲရှေ့ရှု ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား စစ်မီးတောက်လောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013