DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် မီးလောင်ပြီး နေအိမ် ၂၅ လုံး ဆုံးရှုံး၊ လူ ၅ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
March 26, 2024
လပွတ္တာတွင် မီးလောင်ပြီး နေအိမ် ၂၅ လုံး ဆုံးရှုံး၊ လူ ၅ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ မနေ့ မတ် ၂၅ ရက် ညနေ ၃ နာရီခွဲက မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီမီးလောင်မှုမှာ လပွတ္တာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ နေအိမ်တအိမ်မှာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ပြီး လူနေအိမ် ၂၅ လုံး မီးလောင်ပြာကျခဲ့ကာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ သိရတယ်။ အဲဒီနေရာက လပွတ္တာ ၆ ရပ်ကွက်နဲ့ ၈ ရပ်ကွက် ကျောချင်းကပ်နေတဲ့ နေရာမှာ ရှိတာပါ။ မီးလောင်တော့ အိမ် ၂၅ လုံး မီးထဲပါသွားတယ်။ လူငါးယောက်ကလည်း မီးခိုးမွှန်တာနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိသွားတာ ဆေးရုံမှာ” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုကို လပွတ္တာခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်ငါးစီး၊ သနေ္ဓမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ ဒေသခံတွေ ပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ပရဟိတအဖွဲ့ဝင်တဦးက “အချိန်မီ မီးထိန်းနိုင်ခဲ့လို့ အခုလောက်ပဲ ဆုံးရှုံးတာ။ ထိခိုက်သူတွေကို ပရဟိတအဖွဲ့တွေက ဆေးရုံပို့ပေးခဲ့တယ်။ သေဆုံးတာမရှိပါဘူး။ အိမ်တွေကတော့ ဓနိမိုး၊ ထရံကာအိမ်တွေ အများဆုံး မီးလောင်တဲ့အထဲ ပါသွားတာ” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုကို စစ်ကောင်စီ ရဲတပ်ဖွဲ့က စစ်ဆေးပြီး မီးလောင်မှုကြောင့် ဆုံးရှုံးသွားတဲ့ တန်ဖိုးကို မီးသတ်ဦးစီးဌာနက စစ်ဆေးတွက်ချက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခု မတ် ၁ ရက်ကနေ ၂၅ ရက်အထိ မီးလောင်ကျွမ်းမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း လပွတ္တာမြို့ ကမ်းနားလမ်း စီးပွားရေး အချက်အချာ နေရာမှာ မီးလောင်ခဲ့ပြီး အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ခြေ ၁၇၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Photo - Myo Min

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013