DVB Logo
Home
နိုင်ငံတကာ
စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှု စွဲချက် ၈ ခု ထပ်တင်
DVB
·
March 25, 2024
စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှု စွဲချက် ၈ ခု ထပ်တင်
Donate to DVB

စင်ကာပူနိုင်ငံက သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း အဲ့စ် အစ်ဝါရန်ကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်ရှစ်ခု ထပ်ချလိုက်တယ်လို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထပ်လောင်းစွဲဆိုထားတဲ့ အမှုတွေထဲမှာ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ဆက်ဆံခဲ့ဖူးတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးဆီကနေ ဝန်ကြီးအဖြစ် စင်ကာပူဒေါ်လာ ၁၈,၉၅၆ (USD$14,077) တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရခဲ့တယ်လို့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဗျူရို (CPIB) က သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဒီစွဲချက်တွေကို ငြင်းဆိုထားတဲ့ အစ်ဝါရန်ဟာ ခုတော့ စင်ကာပူမှာ စုစုပေါင်း စွဲချက် ၃၅ ခုကို ရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီ ၁၈ ရက်က အဆင့်သတ်မှတ်ခဲ့တဲ့ အမှုတွေထဲမှာ အကျင့်ပျက်ခြစားမှုနဲ့ တရားမျှတမှုလမ်းစဉ်ကို နှောင့်ယှက်ခြင်းတို့ ပါပါတယ်။

အကျင့်ပျက်ခြစားမှုအတွက် ပြစ်မှုထင်ရှားရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ခုနစ်နှစ်အထိ စီရင်ချက် ချမှတ်ခံရနိုင်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ဝန်ကြီးဟောင်းဟာ မနှစ်က ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရပြီး အိမ်ခြံမြေသူဌေးကြီး အုံဘန်ဆန်ဆီကနေ စင်ကာပူဒေါ်လာ ၃၈၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ လာဘ်လာဘတွေ ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

တရားစွဲထားတဲ့အမှုအတွက် သက်သေခံ စာရွက်စာတမ်းတွေထဲမှာ ဘောလုံးပွဲလက်မှတ်တွေ၊ တေးဂီတပွဲလက်မှတ်တွေ၊ သီးသန့်လေယာဉ်လက်မှတ်တွေနဲ့ စင်ကာပူ ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲ ဂရန်းပရီအတွက် လက်မှတ်တွေလည်း ပါပါတယ်။

ဒီပွဲတွေ ကျင်းပခွင့်ကို သူဌေးကြီး အုံက ပိုင်ဆိုင်ပြီး အစ်ဝါရန်ကတော့ ပွဲကျင်းပရေး ဦးဆောင်ကော်မတီ အကြံပေးတဦး ဖြစ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013