DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ထိုင်းအဆိုပြုချက် ၄ ချက် အလုပ်ဖြစ်နိုင်မလား
DVB
·
March 25, 2024
မြန်မာ့အရေး ထိုင်းအဆိုပြုချက် ၄ ချက် အလုပ်ဖြစ်နိုင်မလား
1 / 2
Donate to DVB

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကူညီဖြေရှင်းနိုင်ရေး ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက်ကို  လေ့လာသူတွေနဲ့  နိုင်ငံရေးသမားတွေက ကြိုဆိုပေမဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ စောင့်ကြည့်ရမယ်လို့ သုံးသပ်ပြောပါတယ်။ 

မြန်မာ့အရေးအကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် အချက်လေးချက်ပါတဲ့ အဆိုပြုချက်တရပ်ကို  ပြီးခဲ့တဲ့အပတ်အတုန်းက ထိုင်းအောက်လွှတ်တော်မှာ အာဏာရ ဖွေထိုင်းပါတီက တင်သွင်းခဲ့ပါတယ်။

အဆိုပြုချက်ထဲမှာ ထိုင်းအစိုးရအနေနဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာရေးရာအရာရှိတွေပါဝင်တဲ့ လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့ပြီး မြန်မာ့အရေးကိုစောင့်ကြည့်ဖို့၊ အချိန်မရွေးအရှိန်မြင့်လာနိုင်တဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေမှာ စစ်ရှောင်ဒုက္ခသည်တွေ များလာမှာကို ကြိုတင်ပြင်ဆင်ပြီး အရေးပေါ်အစီအမံတွေ ပြင်ဆင်ထားဖို့၊ နယ်စပ်မှာ ရွာသုံးခုခွဲပြီး မြန်မာ စစ်ရှောင်တွေကို ပိုမိုကျယ်ပြန့်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ထိုင်း၊ အာဆီယံ ဥက္ကဋ္ဌ၊ တရုတ်နဲ့ အိန္ဒိယတို့ ပူးပေါင်းပါဝင်တဲ့ အစုအဖွဲ့ကနေ မြန်မာ့အရေးကို တွန်းအားပေး ကူညီဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကတော့ ကြိုဆိုကြပါတယ်။

အထူးသဖြင့် အာဏာသိမ်းပြီးနောက် ဖော်ဆောင်ခဲ့တဲ့ အာဆီယံလမ်းကြောင်းဟာ အလုပ်မဖြစ် တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းဖြစ်တာနဲ့အညီ  ဦးဆောင်ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားတဲ့ခြေလှမ်းလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းတဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံဘက်ကို ပိုပြီးရောက်ရှိလာဖို့ရှိနေတာကြောင့် ထိုင်းအနေနဲ့ အခုလိုမျိုး ကြိုတင်အစီအစဉ်တွေ ဆောင်ရွက်တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်သမျှကိစ္စတွေဟာ သူ့အပေါ်ရိုက်ခတ်မယ်ဆိုတာကို သိပြီးသားဖြစ်တာကြောင့် အခုလို ကြိုတင်ပြင်ဆင်တာဖြစ်သလို တင်သွင်းတဲ့အချက်တွေဟာ လုပ်သင့် လုပ်ထိုက်တဲ့အချက်တွေဖြစ်တာကြောင့် ကြိုဆိုရမယ်လို့ အငြိမ်းစား တပ်အရာရှိ တဦးကလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဖြေရှင်းရာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ်အပြင် အိန္ဒိယကလည်း အရေးကြီးတဲ့ နေရာက ပါဝင်တာကြောင့် ထိုင်းရဲ့ ခြေလှမ်းဟာ ကောင်းမွန်တဲ့ခြေလှမ်းလို့ ဆိုပါတယ်။

အခုအဆိုပြုချက်တွေဟာ ဖွေထိုင်းပါတီနဲ့ နီးစပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းက တင်သွင်းတာဖြစ်ပြီး၊ ပြီးခဲ့တဲ့လဆန်းပိုင်းတုန်းကလည်း Move Forward ပါတီက ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံရေးအင်အားစုတွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ အားပြိုင်နေတဲ့သဘောတွေကို တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည်ဖော် ဖြေရှင်းနိုင်မလဲ ဆိုတာကတော့ ထိုင်းအစိုးရကသာ အခရာကျတယ်လို့ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ထိုင်းအောက်လွှတ်တော်က တင်သွင်းတဲ့အချက်အလက်တွေကို ထောက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကို ထိုင်းအစိုးရအနေနဲ့ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ်၊ မဖော်နိုင်ဘူးဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေကို အကူအညီပေးရေးကိစ္စတွေနဲ့ပတ်သက်လို့ အလုပ်ဖြစ်ဖို့ကတော့ စစ်ကောင်စီအပြင် တခြားသော အတိုက်အခံအင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုလိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းကြက်ခြေနီအသင်းနဲ့ မြန်မာကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ပထမဆုံးအသုတ်အဖြစ် မတ် ၂၅ ရက် ဒီနေ့မနက် စတင် ပို့ဆောင်ပေးနေပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013