DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် မှတ်ပုံတင်မရှိသူများကို မြို့တွင်းပေးမဝင်သဖြင့် အခက်တွေ့
DVB
·
March 25, 2024
ဟင်္သာတတွင် မှတ်ပုံတင်မရှိသူများကို မြို့တွင်းပေးမဝင်သဖြင့် အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ကို ဝင်လာမယ့် ဘယ်သူမဆို စစ်ကောင်စီတပ်က မြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေပြီး မှတ်ပုံတင်မရှိရင် မြို့အတွင်းကို ဝင်ခွင့်မပေးတော့တာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဟင်္သာတမြို့နယ်မှာ ဒေသလုံခြုံရေးနဲ့ တရားဥပေဒစိုးမိုးရေးအတွက်လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မရှိသူ ဘယ်သူမဆို မတ် ၂၀ ရက် နောက်ပိုင်းက စတင်ပြီး မြို့ထဲကို ပေးမဝင်တော့တာကြောင့် မှတ်ပုံတင်မရှိတဲ့ ဒေသခံတချို့နဲ့ ရပ်ဝေးကနေလာတဲ့သူတွေ၊ အရေးပေါ်ကိစ္စနဲ့ သွားလာလုပ်ရသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မှတ်ပုံတင်မရှိလို့ မြို့ထဲဝင်ဖို့ အခက်အခဲကြုံနေရတဲ့သူတဦးက “မှတ်ပုံတင်မရှိတဲ့ ဘယ်သူမဆို အဝင်မခံတော့ဘူး။ မှတ်ပုံတင်က အရင်ကတည်းက မရှိတာ။ သွားလုပ်ရင် ငါးသောင်းလောက် ပေးရလို့ မလုပ်ဖြစ်တာနဲ့ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အခုမှ ပြန်လာတာ။ အခု အဝင်မခံလို့ ရန်ကုန်ပြန်ရတော့မယ့် အခြေအနေ ဖြစ်နေတယ်။ တခါမှ ဒါမျိုးမကြုံဖူးပါဘူး။ မိသားစုကလည်း အိမ်မဲမှာရှိနေတာ။ အိမ်ထောင်စုစာရင်းစာရွက် ရှိတယ်လို့ ပြောတာတောင် မရဘူး” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာနေ မှတ်ပုံတင်မရှိသူတဦးက “မှတ်ပုံတင် တခါသွားလုပ်ရင် ရဖို့ကလည်း တော်တော်ခက်ခဲသလို ကြန့်ကြာတာတွေလည်း ရှိတယ်။ ပိုက်ဆံမပေးရင်လည်း ဟိုစစ် ဒီမေး လုပ်တယ်လေ။ ပိုက်ဆံပေးရင်တော့ ခဏလေးရတယ်။ ပိုက်ဆံက ငါးသောင်းလောက်ပေးရလို့ မလုပ်ဘဲနေခဲ့တာလေ။ ဒါ့ကြောင့် မှတ်ပုံတင်က မရှိတာ” လို့ ပြောပါတယ်။

အရပ်သား NLD ပါတီအစိုးရလက်ထက် ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဟင်္သာတမြို့နယ်ထဲ လူအဝင်အထွက်တွေ စစ်ဆေးတာ ရှိပေမဲ့ ကိုဗစ်ထောက်ခံစာ တရွက်တည်းနဲ့ ပေးဝင်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတမြို့နယ်မှာ မှတ်ပုံတင်မရှိသူ ၁၈ နှစ်အထက် အသက်ပြည့်တဲ့သူ နှစ်သိန်းနီးပါးအထိ ရှိတယ်လို့ သိရပြီး အဲဒီ မှတ်ပုံတင်မရှိတဲ့သူတွေဟာ ကျေးလက်တောရွာတွေမှာ နေတဲ့သူတွေ ဖြစ်တယ်လို့လည်း စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013