DVB Logo
Home
မြန်မာသတင်း
မံစီတပ်စခန်းက စစ်သားများ စခန်းစွန့်ခွာ၊ မိုးမောက်က စခန်းများကို ကေအိုင်အေ သိမ်းပိုက်
DVB
·
March 24, 2024
မံစီတပ်စခန်းက စစ်သားများ စခန်းစွန့်ခွာ၊ မိုးမောက်က စခန်းများကို ကေအိုင်အေ သိမ်းပိုက်
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်းကျေးရွာမှာ တပ်စွဲထားတဲ့ ခလရ ၁၂၁ တပ်စခန်းက စစ်ကောင်စီတပ်သားတွေ ဒီနေ့ မတ် ၂၄ ရက်မနက်အစောပိုင်းမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြပြီး မိုးမောက်မြို့နယ်၊ မိုးမောက်-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုလည်း ကေအိုင်အေက တိုက်ခိုက်နေသလို တချို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

မံစီမြို့နယ်ဦ မိုင်းခေါင်းကျေးရွာ ဒေသခံတယောက်က “မနေ့ည ၁၂ ခွဲ ၁ နာရီလောက် စခန်းကနေ ထွက်သွားကြတာတဲ့။ တိုက်ပွဲဖြစ်လာလည်း မရှိဘူး။ ကေအိုင်အေလည်း လာတိုက်တာမရှိဘူး။ ကေအိုင်အေတွေ တယောက် နှစ်ယောက် ဆိုင်ကယ်နဲ့လာတယ်လို့လည်း ကြားတယ်။ အဲဒါကို ကြောက်လို့ ထွက်သွားတာ ထင်တယ်။ မနက်မိုးလင်းတော့ ဘယ်သူမှ မရှိတော့ဘူး” လို့ ပြောပါတယ်။

စခန်းစွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်သား အင်အားဟာ ၅၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး မံစီမြို့ဘက်ကို ဦးတည်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုးမောက်-မြစ်ကြီးနားလမ်း အနောက် မတ်ခွယ်ကျေးရွာ အနီးက နောင်ဂွန်အမြောက်တပ် ၃၇၀ ကို ကချင်လွတ်လပ်ရေးတပ်မတော်က ကေအိုင်အေက မတ် ၂၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကုန်းလောကျေးရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “မနက်က သေနတ်သံတွေ ကြားရတယ်။ အဲနောင်ဂွန်ဘက်မှာ နောင်ဂွန်ကို စတိုက်ပြီဆိုပြီးတောင် ပြောလိုက်သေးတယ်။ နေ့လယ်လောက် ဆက်သွယ်ကြည့်တော့ မနက်အစောကြီး ခဏလေးဆို သိမ်းပြီးပြီ ပြောတယ်။ ဝင်တိုက်တာလည်း ၁ နာရီလောက်ပဲ ကြာတယ်တဲ့” လို့ ပြောပါတယ်။

နောင်ဂွန်အမြောက်တပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့ကို ဖြတ်ပြီး Y-12 တိုက်လေယာဉ်ဟာ အထက်ဘက်ကို ဆန်တက်သွားတယ်လို့လည်း မိုးမောက်မြို့ခံတွေဆီကနေ သိရပါတယ်။

မိုးမောက်မြို့အနီးက နမ်ဆိုင်ကျေးရွာကို မတ် ၂၃ ရက်နေ့မှာ စစ်ကောင်စီလေတပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချခဲ့သလို မတ် ၂၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာလည်း လာရောက်ဗုံးကြဲခဲ့တယ်လို့ နမ်ဆိုင် ရွာသားတွေက ပြောပါတယ်။

ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နမ်ဆိုင်ကျေးရွာက ပြည်သူတွေ မူးဝေ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြို့သစ် ခမရ ၃၂၀ တပ်ရင်း မျက်နှာချင်းဆိုင်က ဒေသအခေါ် စလောင်းကုန်း စစ်ကောင်စီ တပ်စခန်းကိုလည်း မနက် ၆ နာရီခွဲလောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မိုးမောက်မြို့နယ်၊ မိုးမောက်-မြစ်ကြီးနားလမ်းမပေါ်က နွမ်လန် ခမရ ၄၃၈ နဲ့ အမှတ် ၆၁၆ ဒုံးတပ်စခန်းကိုလည်း မတ် ၂၁ ရက်နေ့မှာ ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

ဒါကြောင့် မိုးမောက်-ဒေါ့ဖုန်းယန်လမ်းပေါ်မှာ မြို့သစ် ခမရ ၃၂၀ နဲ့ မိုင်းခတ် ခမရ ၃၈၇ တပ်စခန်း ၂ ခုပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မိုးမောက်-ဒေါ့ဖုန်းယန်လမ်းပေါ်က နွမ်လန်တပ်စခန်းနဲ့ ဒါဆိုင်း တပ်စခန်းကို သိမ်းပိုက်ရရှိတာကြောင့် နွမ်လန်နဲ့ ဒါဆိုင်းကြားမှာရှိတဲ့ မြို့သစ်၊ မိုင်းခတ်(ကုန်းလော) တပ်ရင်းတွေနဲ့ နောင်ဂွန် အမြောက်တပ်တွေကို သိမ်းပိုက်ရရှိဖို့ ပိုမိုလွယ်ကူသွားနိုင်တယ်လို့ မိုးမောက်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“နွမ်လန်တပ်ရော၊ မိုးမောက်နားက ဒါဆိုင်တပ်တွေ သိမ်းပြီးပြီဆိုတော့ ကြားက မြို့သစ်၊ ကုန်းလော၊ နောင်ဂွန်က သိမ်းဖို့ပိုလွယ်သွားပြီ။ မြေ အနေအထားအရဆိုရင်လည်း နွမ်လန်နဲ့ ဒါဆိုင်တပ်တွေက တောင်ကုန်းတွေမှာ စခန်းလုပ်ထားတာဆိုတော့ သိမ်းတာလည်း ရက်နည်းနည်းကြာသွားတယ်လို့ ပြောရမယ်။ အခုက သိမ်းလိုက်နိုင်ပြီဆိုတော့ ကျန်တဲ့ တပ်တွေက မြေပြန့်မှာရှိတော့ ပိုပြီး လွယ်လွယ်သိမ်းလို့ရမယ် ထင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆန်ဂန်ကျေးရွာပတ်ဝန်းကျင်က ဆန်ဂန်၊ ဘွမ်ဆန် တပ်စခန်းတွေကို မတ် ၁၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ တာပိန်မြစ်ညာဘက်မှာ စစ်ကောင်စီတပ်စခန်း ကင်းစင်နယ်မြေ ဖြစ်လာပါတယ်။ 

ကချင်ပြည်နယ်အတွင်း မတ် ၇ ရက်နေ့က စတင်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီစခန်းပေါင်း ၅၀ နဲ့အထက်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

မိုးမောက်နဲ့ ဒေါ့ဖုန်းယန်ကြားက ကျန်ရှိနေတဲ့ မြို့သစ် ၃၂၀၊ စီဟတ် ၃၈၇ နဲ့ နောင်ဂွန် ၃၇၀ တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ရရှိမယ် ဆိုရင်တော့ လိုင်ဇာနဲ့ မိုးမောက်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013