DVB Logo
Home
မြန်မာသတင်း
ရေဖြူက တပ်စခန်းနှင့် မလွှဲတောင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးကျော်သေ
DVB
·
March 24, 2024
ရေဖြူက တပ်စခန်းနှင့် မလွှဲတောင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးကျော်သေ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က စစ်ကောင်စီတပ်စခန်းနဲ့ မွန်ပြည်နယ် မလွှဲတောင်ဂိတ်စခန်းတို့ကို မတ် ၂၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) ဆီက သိရပါတယ်။

မောရဝတီရေတပ်စခန်းရဲ့ လုံခြုံရေးတပ်စခန်းဖြစ်တဲ့ မင်းသားကျေးရွာက ပျူစောထီးနဲ့ စစ်သား အယောက် ၇၀ လောက်ရှိတဲ့ စခန်းကို မနက် ၅ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီခွဲမှာ သိမ်းပိုက်နိုင်တာကြောင့် ပစ္စည်းတွေသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ခိုက်မှုအတွင်း ဒေါနစစ်ကြောင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၁ ယောက် ဒဏ်ရာရသလို စစ်ကောင်စီဘက်ကလည်း ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်းသားရွာမှာ တပ်စွဲနေထိုင်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေဟာ ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ သုံးဆူရွာ၊ စိန်ပုံရွာတို့ကို တရွာဝင်တရွာထွက်ပြီး စစ်မှုထမ်းဖို့အတွက် လက်နက်နဲ့ အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ပြီးတော့ မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က အင်အား ၃၀ ကျော်ရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို မနက် ၁၀ နာရီကျော်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုများပြီး ဂိတ်ကိုပိတ် ထွက်ပြေးခဲ့သလို ထိခိုက်သေဆုံး အရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိ နာဲနဂါ(နိုင်နဂါး)က “မောရဝတီ ရေတပ်စခန်းရဲ့ လုံခြုံရေးစခန်းကို မနက် ၅ နာရီခွဲ စတင်တိုက်ခိုက်ပြီး ၇ နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မောရဝတီရေတပ်စခန်းက လက်နက်ကြီး ဆက်တိုက်ပစ်နေလို့ ‌ထွက်ပြေးတဲ့သူ‌တွေကိုတော့ လိုက်လံမရှင်းလင်းနိုင်ခဲ့ပါဘူး။ မလွှဲတောင်ဂိတ်စခန်းကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီ စာရင်းကိုတော့ စုံစမ်းနေတုန်းပါပဲ။ ကျနော်တို့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြပါနဲ့” လို့ ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီက ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညနေ ၄ နာရီအထိ ပိတ်ချထားလိုက်တဲ့အတွက် ကားတွေလည်း ရာနဲ့ချီပိတ်မိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ကလည်း ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်နဲ့ ကလိန်အောင်ကြားမှာ နယ်မြေစိုးမိုးလုပ်ငန်းတွေလုပ်တုန်းက မလွှဲတောင်ဂိတ်ကစစ်သားတွေဟာ ဂိတ်ကိုပိတ်ပြီး ပုန်းနေခဲ့ဖူးပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မွန်ပြည်တော်လှ‌န်ရေးတပ်(MSRF)နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ် ဒေါနစစ်ကြောင်း၊ ရေး ပြောက်ကျားတပ်(YGF) ဒေါနတပ်ခွဲ ၃၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်(KBDF) ဒေါနတပ်ခွဲ ၄၊ ဝေဟင် ဒေါနတပ်ခွဲ ၆၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ ၇၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ ရေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YDF)နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်တပ်ရင်း ၁၊ Ye Air Force (YAF)  နဲ့ ထားဝယ်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းဆောင်‌ရွက်ခဲ့တာ ဖြစ်ပါတယ်။

Photo - MSRF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013