DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် စာရင်းကောက်ခိုင်းခြင်းကို မာန်အောင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ငြင်းပယ်
DVB
·
March 24, 2024
စစ်မှုထမ်းရန် စာရင်းကောက်ခိုင်းခြင်းကို မာန်အောင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ငြင်းပယ်
Donate to DVB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ စစ်မှုထမ်းဖို့နဲ့ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ဖို့အတွက် စစ်ကောင်စီက လူစာရင်းကောက်ခိုင်းတာကို မလုပ်ပေးနိုင်ဘူးလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ငြင်းပယ်ထားကြတယ်လို့ သိရပါတယ်။

မတ် ၁၅ ရက်နေ့နဲ့ ၁၇ ရက်နေ့က မာန်အောင်မြို့နယ်ရဲ့ စစ်ကောင်စီတာဝန်ရှိသူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး ရပ်ကွက်၊ ကျေးရွာတခုကနေ့ စစ်မှုထမ်းဖို့အတွက် အသက် ၂၄ နှစ်ကနေ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကနေ ၅ ယောက်အထိ ပေးဖို့ တောင်းဆိုတာမှာ ငြင်းဆန်ခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တယောက်က ပြောပါတယ်။

“ဒီအခြေအနေမှာ ဘယ်သူမှလည်း စစ်မှုထမ်းချင်မှာ မဟုတ်ဘူး။ အတင်းဆွဲခိုင်းလို့လည်း မရဘူး။ တခုခုဖြစ်သွားရင် နောက်ဆက်တွဲပြဿနာက အုပ်ချုပ်ရေးမှူးတွေပဲ ရင်ဆိုင်ရမှာ။ အဲဒါကြောင့် စစ်ကောင်စီ တောင်းတဲ့ စစ်မှုထမ်းစာရင်းကို မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့ကြတာ ဖြစ်တယ်။ အတင်းစေခိုင်းလာရင်တော့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ရမယ်” လို့ ပြောပါတယ်။

မာန်အောင်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၄၁ ယောက်ရှိပြီးတော့ အားလုံးက ငြင်းဆိုထားကြတာလို့ သိရပါတယ်။

မာန်အောင်မြို့နယ်ဟာ ကျွန်းမြို့တမြို့ဖြစ်ပြီး စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအကျပ်စေခိုင်းလာမှာကို စိုးရိမ်နေကြတဲ့အတွက် လူငယ်တချို့ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မာန်အောင်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မာန်အောင်က ကျွန်းမြို့ဆိုတော့ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကျပ် စေခိုင်းလာရင် လူငယ်တွေက ရှောင်းတိမ်းစရာ မရှိတာကြောင့် အခုကနေ တချို့လူငယ်တွေက တိမ်းရှောင်မှုတွေ ရှိနေကြပြီ ဖြစ်တယ်။ စစ်မှုထမ်း အတင်းစေခိုင်းလာရင်တော့ လူငယ်မှာ တိမ်းရှောင်ဖို့နေရာလည်း မရှိတာကြောင့် ပိုပြီးအကျပ်အတည်း ဖြစ်စေနိုင်တယ်” လို့ ပြောပါတယ်။

မတ် ၂၁ ရက်နေ့ကလည်း မာန်အောင်မြို့ကို စစ်သင်္ဘောနဲ့ စစ်သား အင်အား ၁၀၀ ကျော်လောက် အင်အားဖြည့်တင်းခဲ့ပြီး မာန်အောင်မြို့တော်ခန်းမမှာ ယာယီတပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ လူစာရင်း ကောက်ခံခိုင်းတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ မတ် ၁၇ ရက်နေ့မှာ နုတ်ထွက်စာ အသီးသီး တင်လိုက်ကြတယ်လို့ သိရပြီး စစ်ကောင်စီနဲ့ စာရင်းလိုက်ကောက်ပေးခဲ့တဲ့ ရာအိမ်မှူးတယောက်ဟာလည်း မတ် ၂၁ ရက်နေ့က သတ်ဖြတ်ခံလိုက်ရပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ အပါအဝင် ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကတဆင့် စစ်မှုထမ်းဆောင်ဖို့ လူစာရင်းတွေ တောင်းခံနေတာကြောင့် ဒေသခံလူငယ်တွေဟာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက မွတ်ဆလင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စေခိုင်းပြီးတော့ ရသေ့တောင်တိုက်ပွဲမှာ ဝင်ရောက်ခိုက်တိုက်စေခိုင်းခဲ့တာကြောင့် သေဆုံးခဲ့သူတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က မတ် ၂၀ ရက်နေ့က ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013