Home
ဆောင်းပါး
စစ်မှုထမ်းဥပဒေ (သို့မဟုတ်) ဂျီနိုဆိုက်
DVB
·
March 24, 2024

"Genocide is not war!

It is more dangerous than war!”

Raphael Lemkin

ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ပြီးခါနီး၊ သူ့ဘဝနေဝင်ချိန် ရောက်ခါနီးမှာ စစ်မှုထမ်းအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ People's storm ပြည်သူ့မုန်တိုင်း အမည်ရှိ ပြည်သူ့စစ်တပ်ကို ဖွဲ့စည်းခဲ့တာပါ။ ၁၉၄၄ စက်တင်ဘာလ ၂၅ မှာ ဟစ်တာလာရဲ့အမိန့်နဲ့ တည်ထောင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ စစ်ရှုံးလာပြီဖြစ်တဲ့အပြင် ဘာလင်မြို့ကို ခုခံကာကွယ်ဖို့အတွက် နောက်ဆုံးနည်းအဖြစ် ထုတ်သုံးခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၆၀ အထိ အမျိုးသားတွေကို စုဆောင်းခဲ့တာဖြစ်ပြီး နောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာတဲ့ အခါမှာတော့ ဆယ်ကျော်သက် အမျိုးသမီးငယ်လေးတွေကိုပါ စစ်ပွဲထဲကို ခေါ်သွင်းခဲ့ပါတယ်။ ဘာလင်နောက်ဆုံးတိုက်ပွဲမှာဆိုရင် ပြည်သူ့စစ်အရေအတွက် ၄၀,၀၀၀ အထိ အသုံးချခဲ့တယ်လို့ ဆိုပါတယ်။ အခုလည်း အခြေအနေမဟန်တော့တဲ့ ယုတ်မာရက်စက်လွန်းတဲ့ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်မိစ္ဆာတွေဟာ သူတို့ရဲ့ နောက်ဆုံးနည်းလမ်းအဖြစ် တတိုင်းပြည်လုံးက လူငယ်လူရွယ်‌‌တွေကို လူသတ်ကွင်းတွေဆီ ရည်ရွယ်ချက်ရှိရှိ မောင်းသွင်းဖို့ စစ်မှုထမ်းဥပဒေကို ထုတ်သုံးလိုက်ခဲ့ပါပြီ။ အခုဆိုရင် စစ်မှုထမ်းဖို့ဆိုကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတွေလို သူတို့ထိန်းချုပ်အားကောင်းတဲ့ နေရာတွေမှာ စစ်မှုထမ်းဖို့ လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ။

အဲဒီစစ်မှုထမ်းဥပဒေဟာ တကယ်တော့ ဥပဒေကြောင်းအရ တရားမဝင်ပါဘူး။ ပထမဆုံး အချက်ကတော့ စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ပြဋ္ဌာန်းတယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေကို ပြဋ္ဌာန်းခဲ့တယ်ဆိုတဲ့ နအဖ ကောင်စီဟာ ပြည်သူလူထုက လွတ်လပ်စွာ ရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့ မဟုတ်လို့ ဥပဒေပြုပိုင်ခွင့်အာဏာ မရှိပါဘူး။ ဆိုရရင် ဆယ်စုနှစ်တခုကျော်ကြာ တဖက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥအရ တက်လာတဲ့ ဟန်ပြအစိုးရအဖွဲ့တခုကို မဟုတ်ခဲ့တာပါ။ ဖွဲ့စည်းပုံသဘောတရားအရ ဆိုရင်လည်း အုပ်ချုပ်ရေးအဖွဲ့မှာ ဥပဒေတရပ်ကို ပြုလုပ်ပြဋ္ဌာန်းခွင့် မရှိပါဘူး။ Executive Order လို့ခေါ်တဲ့ အုပ်ချုပ်ရေးအမိန့်ကိုသာ ထုတ်ပြန်ခွင့်ရှိပါတယ်။ ဒီလိုနည်းနဲ့ ပေါ်လာတဲ့ ဥပဒေကို အခု မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး အာဏာသက်ဝင်ပါတယ် ဆိုပြီး ထုတ်ပြန် ကြေညာလိုက်တာပါ။

လက်ရှိ မင်းအောင်လှိုင်တို့ အဖွဲ့ဟာလည်း အားလုံးသိကြတဲ့အတိုင်း တရားမဝင် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဥပဒေအားလုံးရဲ့ အထွတ်အထိပ်လို့ ပြောရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် ဖောက်ဖျက် ကျူးလွန်ထားတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် အများပြည်သူဆိုင်ရာ ဥပဒေတွေဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက်ဥပဒေတို့ကိုပါ အတိအလင်း ဖောက်ဖျက် ကျူးလွန်ထားတဲ့ နိုင်ငံတော်ကို ပုန်ကန်သစ္စာဖောက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေဟာ ပြည်တွင်းဥပ‌ဒေတွေအရ အစကတည်းက တရားဝင်မှုမရှိတဲ့ ဥပဒေတရပ်ပဲ ဖြစ်ပါတယ်။

ဂျီနိုဆိုက်ခြေလှမ်း

၂၀၂၀ ပြည့်နှစ်တုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်မှ ၂၂ နှစ်အထိ အသက်ပြည့် လူငယ်ဦးရေဟာ ၅ သန်းကျော်ထိ ရှိတယ်လို့ သိရပါတယ်။ အခု စကစရဲ့ စစ်မှုထမ်းဥပဒေအရ ဆိုရင် စစ်မှုထမ်းရမယ့် အရွယ်တွေဟာ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ယေဘုယျ ဆိုနိုင်ပါတယ်။ ဒီအတွက်ကြောင့် စကစ ဦးတည်ပစ်မှတ်ထားတဲ့ လူငယ်ဦးရေဟာ မရှိဘူးဆိုရင်တောင် အနည်းဆုံး ၁၀ သန်းရှိမှာပါ။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်လည်း ဧပြီလကစပြီး တလကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ တနှစ် ၆၀,၀၀၀ နှုန်းအထိ စစ်မှုထမ်းခိုင်းမှာ ဖြစ်ပါတယ်။ ဒါတွေဟာ စကစ အနေနဲ့ ဂျီနိုဆိုက် ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

ဂျီနိုဆိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒီတော့ ဂျီနိုဆိုက် ပြစ်မှုဆိုတာ ဘာလဲ၊ ဘယ်ဟာတွေကို ချိုးဖောက်ရင် ဂျီနိုဆိုက် မြောက်လဲဆိုတာကို ကြည့်ကြရအောင်။

ဂျီနိုဆိုက် သဘောတူစာချုပ်ရဲ့ အပိုဒ် (၂) မှာ (Genocide) ဂျီနိုဆိုက်ကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

Article II: In the present Convention, genocide means any of the following acts committed with intent to destroy, in whole or in part, a national, ethnical, racial or religious group, as such:

“ယခု ဂျီနိုဆိုက် စာချုပ်အရ ဂျီနိုဆိုက် ဆိုသည်မှာ - နိုင်ငံသား၊ မျိုးနွယ်၊ လူမျိုး၊ ဘာသာရေး အုပ်စုများကို တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်ချက်နှင့် ကျူးလွန်သော အောက်ပါပြုလုပ်မှုများထဲက တခုခုကို ဆိုလိုသည်။

(a) Killing members of the group;

(က) အုပ်စုဝင်များကို သတ်ဖြတ်ခြင်း

(b) Causing serious bodily or mental harm to members of the group;

(ခ) အုပ်စုဝင်များ၏ စိတ်ပိုင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာကို ဆိုးရွားစွာ ထိခိုက်စေခြင်း

(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part

(ဂ) တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုများပြုလုပ်ကာ အုပ်စုများ၏ ဘဝအခြေအနေများအပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်ပျက်စီးစေခြင်း

(d) Imposing measures intended to prevent births within the group;

(ဃ) အုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း

(e) Forcibly transferring children of the group to another group

(င) အုပ်စုဝင်ကလေးများအား အခြားအုပ်စုတခုသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း ဆိုပြီး ဂျီနိုဆိုက် ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကာ သတ်မှတ်ထားပါတယ်။

အပိုဒ် (၂) (က) အရ အုပ်စုဝင်တွေကို သတ်ဖြတ်တယ် ဆိုရာမှာ တိုက်ရိုက် သတ်ဖြတ်တာလည်း ပါသလို အခြားနည်းလမ်းတွေနဲ့ သေဆုံးစေတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အခု စစ်မှုထမ်းဥပဒေအရ ပေါ်တာဆွဲခေါ်ခံလိုက်ရတဲ့ လူငယ်တွေဟာ တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ကို ရောက်သွားကတည်းက သေဆုံးဖို့ရာနှုန်း များသွားပါပြီ။ တိုက်ခိုက်ရင်း သေချင်သေမယ်၊ မတိုက်ခိုက်ရရင်တောင် မိုင်းရှင်းဖို့ စစ်ကြောင်းရှေ့ဆုံးကနေ သွားခိုင်းတာ၊ လူသားဒိုင်းအဖြစ် စစ်ကြောင်းရှေ့ဆုံးမှာ ထားဝာာတွေကတဆင့် သေဆုံးနိုင်ပါတယ်။ ဒါ့အပြင် ကြီးလေးလှတဲ့ အထုပ်အပိုးတွေ၊ ပစ္စည်းပစ္စတွေကို မနိုင်ဝန်သယ်ပိုးခိုင်းတာ၊ အစာရေစာ မကျွေးတာ (ဝါ) မလောက်မငကျွေးတာ စတဲ့လုပ်ရပ်တွေနဲ့လည်း သေဆုံးစေနိုင်ပါတယ်။ ဒါကြောင့် ဂျီနိုဆိုက် မြောက်ဖို့ဆိုတာ စကစတပ်က နားထင်ကို သေနတ်နဲ့ပစ်မှ မဟုတ်ဘဲ အထက်ပါနည်းတွေ၊ အထက်ပါနည်းသဘောဆောင်တဲ့ တခြား သွယ်ဝိုက်တဲ့နည်းတွေအရ အတင်းအဓမ္မ စုဆောင်းခံရတဲ့ အပြစ်မဲ့ လူငယ်တွေ သေဆုံးစေနိုင်ပါတယ်။

အပိုဒ် (၂) (ခ) အရ စိတ် (သို့) ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်စေမှုဆိုရာမှာ

နှိပ်စက်တာ၊ မုဒိမ်းကျင့်တာ၊ လိင်အကြမ်းဖက်တာ၊ မူးယစ်ဆေးဝါးတွေကို အတင်းအကျပ် သုံးစွဲခိုင်းတာ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်တာ စတဲ့လုပ်ရပ်တွေကတဆင့် အုပ်စုဝင်တွေကို ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ ထိခိုက်မှုရှိစေတာတွေ ပါဝင်ပါတယ်။ ဒါတွေဟာ စကစတပ်ရဲ့ လုပ်ရိုးလုပ်စဉ် ကျူးလွန်မှုတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကြည့်လိုက်ရင် ဆေးကွဲနေတဲ့ အနေအထားမျိုးတွေကို တွေ့နေရပါတယ်။ ဟိုးယခင် တိုင်ရင်းသားနယ်စပ်ဒေသတွေမှာ ပေါ်တာတွေဆွဲကတည်းက ပေါ်တာဆွဲခံရသူတွေထဲက နာမကျန်းဖြစ်တဲ့သူတွေ၊ ဒဏ်ရာရသူတွေကို လမ်းမှာ ဒီအတိုင်း ပစ်ထားခဲ့တာတွေ ရှိပါတယ်။ အစာရေစာမဝလို့ မသေမရှင် ဖြစ်နေသူတွေကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး ပစ်သတ်ထားခဲ့တာတွေ ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာ၊ လိင်အကြမ်းဖက်ဝာာတွေက အခုလို ပေါ်တာဆွဲခံရမယ့်သူတွေကို မဆိုထားနဲ့၊ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေက အကြောင်းအမျိုးမျိုးကြောင့် မိသွားတဲ့ အမျိုးသမီးတွေကိုတောင် နှိပ်စက်ညှဉ်းပန်းဝာာ၊ မုဒိမ်းကျင့် သတ်ဖြတ်ဝာာတွေ ရှိခဲ့တာ မဟုတ်ပါလား။

အပိုဒ် (၂) (ဂ) အရ အုပ်စုဝင်တွေရဲ့ ဘဝအခြေအနေတွေကို ထိခိုက်ပျက်စီးအောင် ဆိုရာမှာ အုပ်စုဝင်တွေရဲ့ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လိုအပ်တဲ့ သန့်ရှင်းတဲ့ရေ၊ အစားအစာ၊ အဝတ်အစား၊ နေစရာ၊ ဆေးဝါး စတာတွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တာတွေ အကျုံးဝင်ပါတယ်။

ဒီအချက်ကတော့ စစ်မှုထမ်းဥပဒေနဲ့ တိုက်ရိုက်မပတ်သက်တော့ အကျယ်မချဲ့ဝော့ာပါဘူး။

အပိုဒ် (၂) (‌ဃ) အရ ကလေးမွေးဖွားခြင်းကို တားမြစ်တယ် ဆိုရာမှာ အတင်းအကျပ်နည်းနဲ့ ကလေးမရအောင်လုပ်တာ၊ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းတာ၊ လက်ထပ်မှုကို တားမြစ်တာ၊ ကလေးမွေးဖွားမှုကို တားဆီးတဲ့အနေနဲ့ ယောကျ်ားနဲ့ မိန်းမကို တမင်တကာ ခွဲခြားထားတာတွေ ပါဝင်ပါတယ်။

ဒီအချက်ကိုလည်း အကျယ်မချဲ့တော့ပါ။

အပိုဒ် (၂) (င) အရ ကလေးတွေကို အတင်းအကျပ် ပြောင်းရွှေ့တယ် ဆိုရာမှာ တိုက်ရိုက် အင်အားသုံးပြီး ပြောင်းရွှေ့တာ၊ ကလေးတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ပိတ်ပင်ထားတဲ့ ကျောင်းတွေကို ပို့ဆောင်တာ၊ ခြိိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ ထိန်းသိမ်းတာ၊ လူကုန်ကူးတာ၊ ဆိုက်ဝါးသွင်းတာ၊ အခြား အကျပ်ကိုင်တဲ့ နည်းလမ်းတခုခုကို သုံးတာ စတာတွေ ပါဝင်ပါတယ်။

ဒါလည်း အကျယ်မချဲ့လိုတော့ပါ။

ဒီတော့ ခြုံငုံပြောရရင် စကစဟာ မြန်မာနိုင်ငံသား လူငယ်လူရွယ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဂျီနိုဆိုက် ကျူးလွန်နေပြီဆိုတာ ထင်ရှားနေပါပြီ။ “ရည်ရွယ်ချက်ရှိရှိ” ဆိုတာကို ဘယ်လိုသိနိုင်သလဲဆိုရင် ကြေညာချက်တွေ၊ အမိန့်တွေကနေ တိုက်ရိုက်သိရှိနိုင်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေဟာ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသား လူငယ်တွေအပေါ်ကို ရည်ရွယ်ချက်ရှိရှိ ဂျီနိုဆိုက်လုပ်ဖို့ ဖန်တီးထားတဲ့ အထောက်အထားတခု ဖြစ်ပါတယ်။ ဒါ့အပြင် ဂျီနိုဆိုက်စာချုပ်အရ “အလုံးစုံ သို့မဟုတ် တစိတ်တပိုင်း” ဆိုတဲ့ စကားရပ် ပါရှိပါတယ်။ အဲဒီစကားရပ်အရ ပြစ်မှုကျူးလွန်သူတွေဟာ အုပ်စုဝင်တခုလုံးကို ဖျက်ဆီးပစ်ဖို့ မလိုပါဘူး။ အုပ်စုဝင်တွေရဲ့ တစိတ်တပိုင်းကို ဖျက်ဆီးတာနဲ့တင် ဂျီနိုဆိုက် မြောက်ပါတယ်။ ဒါကြောင့် စကစဟာ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေ အားလုံးကို ဖျက်ဆီးပစ်တာ မဟုတ်ဘူး ဆိုရင်တောင် ဂျီနိုဆိုက်ကို ကျူးလွန်မိလျက်သား ဖြစ်နေပါတော့မယ်။

လူသားတွေအပေါ်မှာ အယုတ်မာဆုံး၊ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး ရာဇဝတ်ကောင် စစ်အုပ်စုရဲ့ ဂျီနိုဆိုက်မြောက်တဲ့ အခြေအနေကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024