Home
နိုင်ငံတကာ
မော်စကို ဖျော်ဖြေပွဲတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူမည်ဟု သမ္မတပူတင် ပြော
DVB
·
March 24, 2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်နားက ဖျော်ဖြေပွဲတခုမှာ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူအားလုံးကို အပြစ်ပေး အရေးယူမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

တိုက်ခိုက်သူတွေက ယူကရိန်းနိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း သမ္မတပူတင်က နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ပြောခဲ့တာပါ။

ယူကရိန်းဘက်ခြမ်းက လူတချို့ဟာ တိုက်ခိုက်သူတွေ ရုရှားကနေ နယ်စပ်ကို ဖြတ်ကူးဖို့ ပြင်ဆင်ပေးထားတယ်ဆိုတဲ့ ကနဦးသတင်းတွေက ပြသနေတယ်လို့ ပူတင်က ပြောပါတယ်။ 

ဒီဖြစ်ရပ်အတွက် မတ်လ ၂၄ ရက်ကို ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်မယ်လို့လည်း ပူတင်က ပြောပါတယ်။

“သတ်ဖြတ်သူတွေ၊ စီစဉ်သူတွေနဲ့ ဒီရာဇ၀တ်မှုမှာ အမိန့်ပေးတဲ့သူတွေအားလုံး မှန်မှန်ကန်ကန် မလွဲမသွေ အပြစ်ပေးခံရမယ်၊ ထပ်ပြောပါရစေ၊ ရုရှားကို ကျနော်တို့ ပြည်သူတွေအပေါ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့ အကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲဖြစ်ပါစေ၊ ဘယ်သူကပဲ ညွှန်ကြားပါစေ၊ သူတို့​ နောက်မှာ ရပ်နေသူတိုင်းကို ဖော်ထုတ် အပြစ်ပေးမယ်” လို့လည်း ပူတင်က သတိပေးပြောကြားသွားပါတယ်။

ယူကရိန်း စစ်ထောက်လှမ်း ရေးအေဂျင်စီ ပြောခွင့်ရကတော့ မော်စကို ဖျော်ဖြေပွဲ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနဲ့ ယူကရိန်း ခြေရာခံလမ်းကြောင်းရဲ့ အကြံပြုချက်တွေကလည်း လက်တွေ့နဲ့မတူဘူးလို့ မတ်လ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

လူပေါင်း ၁၄၃ ဦးထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု နောက်ကွယ်က အကြမ်းဖက်သမား လေးဦးစလုံးကို ယူကရိန်းနယ်စပ်ကို သွားနေချိန်မှာ ဖမ်းထားတယ်လို့ ရုရှားရဲ့ FSB လုံခြုံရေး ဌာနက ပြောပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ အန်ဒရီယူဆော့ဗ်က ဒါဟာ လက်တွေ့နဲ့ မကိုက်ညီသလို ဝေဖန်မှုတွေကို မခံမရပ်နိုင်ဖြစ်တဲ့ ရုရှားအထူးဌာနတွေရဲ့ နောက်ထပ်လိမ်ညာမှုတရပ် ဆိုတာ သေချာပါတယ်လို့  ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ယူကရိန်းဟာ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိတာ သေချာပါတယ်။ ယူကရိန်းက ရုရှား ကျူးကျော်သူတွေလက်ကနေ သူ့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပြီး သူ့ပိုင်နက်နယ်မြေကို လွတ်မြောက်အောင် သိမ်းပိုက်ထားပြီး အရပ်သားတွေ မဟုတ်တဲ့ စစ်တပ်တွေ၊ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။”

ယူကရိန်းကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းတာတွေကို လုံးဝအတည်မပြုနိုင်ဘူးလို့ လူမှုကွန်ယက်မီဒီယာ X ပေါ်မှာ ရေးခဲ့တဲ့ ယူကရိန်း သမ္မတအကြံပေး မိုင်ခေးလို ပိုလိုလျက်ခ်ရဲ့ အစောပိုင်း ငြင်းဆိုချက်အပေါ် ထပ်တူထပ်လောင်း ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024