DVB Logo
Home
မြန်မာသတင်း
ရခိုင်က စစ်ဘေး‌‌ရှောင်များ နေထိုင်‌ရေး အခက်ကြုံနေ
DVB
·
March 23, 2024
ရခိုင်က စစ်ဘေး‌‌ရှောင်များ နေထိုင်‌ရေး အခက်ကြုံနေ
1 / 12
Donate to DVB

တကျော့ပြန်စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ အရပ်သားပြည်သူတွေဟာ နေရပ်က‌နေ စွန့်ခွာဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရပြီး လက်ရှိအချိန်မှာ နေရာထိုင်ခင်းအဆင်မပြေတဲ့ အခက်အခဲတွေအပြင် အစားအစာ၊ ဆေးဝါး၊ ရေရှားပါးမှု စတဲ့ အခက်အခဲပေါင်းမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲကာလ ၅ လနီးပါး ကြာမြင့်လာတာနဲ့အတူ ဘေးလွတ်ရာကို အဝတ်တထည်ကိုယ်တခုနဲ့ စစ်ဘေးရှောင်လာကြတဲ့ အရပ်သားပြည်သူတွေဟာ လမ်းဘေးတွေ၊ တောတောင်တွေနဲ့ ကြုံတဲ့နေရာတွေ တဲထိုးပြီးနေထိုင်နေရပြီး အမိုးအကာနဲ့ အခင်းမရှိတာကြောင့် ကျန်းမာရေး ထိခိုက်လာတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“ကားလမ်းဘေး‌တွေပါ တောထဲတောင်ထဲတွေမှာပါ ကောက်ရိုးနည်းနည်း၊ ဝါးထရံနည်းနည်း၊ အကာပါရုံလောက်နဲ့ နေနေကြရတဲ့ စစ်ဘေးရှောင်တွေအများကြီးပဲ။ ရွာတွေထဲမှာဆိုလည်း ဘုန်းကြီးကျောင်း၊ သိမ်တွေမှာ လူတွေကအပြည့်ပဲ။ အမိုးမပါအခင်းမပါဘဲနဲ့ နေကြတော့ စားရေးသောက်ရေးလည်း အဆင်မပြေ၊ မြေကြီးပေါ်မှာ အိပ်တဲ့သူတွေကအိပ်နဲ့ အခက်အခဲတွေမျိုးစုံပါပဲ။ ကူညီကယ်ဆယ်ရေးတွေကလည်း နည်းပါးတော့ ကျန်းမာ‌ရေး စောင့်‌ရှောက်မှုလည်း မရှိ၊ ရေကလည်း မသန့်၊ အိမ်သာကလည်း နည်းတော့ ဘေးဒုက္ခမျိုးစုံပါပဲ” လို့ သူက ပြောပါတယ်။ 

ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ‌မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ပြို လက်ဝဲလက်ယာမြို့တို့ကို ရက္ခိုင့်တပ်တော်ကနေ သိမ်းပိုက်ထားပေမဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကိုမပြန်ရသေးတဲ့အပြင အရပ်သားပြည်သူတေွ စစ်ဘေးရှောင်နေတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပါတယ်။  

ပေါက်တောမြို့နယ်က စစ်ရှောင်တယောက်က “အဆင်မပြေတာတွေတော့အများကြီးပဲ။ မြို့တွေကပါ အနီးအနားရွာတွေကပါ တနေရာတည်းကို စုပြုံပြီး‌ရောက်လာရတော့ ရွာထဲမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ မလုံလောက်ဘူးလေ။ နေရေးထိုင်‌ရေးကိုတော့ ဆွေမျိူးရှိတဲ့သူတွေဆို ဆွေမျိုးတွေအိမ်မှာနေကြတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာလည်း လူအပြည့်ပါပဲ။ လမ်းဘေးတွေ တောထဲတောင်ထဲမှာ အသက်လုံခြုံရင်ရပြီ၊ ဖြစ်သလိုနေကြတဲ့ သူတွေအများကြီးပဲ။ အခက်အခဲတွေများလွန်းလို့ ဘယ်ဟာက အခက်အခဲဆုံးလဲတောင် မသိတော့ပါဘူး” လို့ ပြောပါတယ်။ 

နေအိမ်တွေ ပျက်စီးဆုံးရှံးတာ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးတာတွေနဲ့ ‌အလုပ်အကိုင်အခက်အခဲ၊ စားရေးသောက်ရေးအခက်အခဲတွေအပြင် အိမ်သာ၊ ရေ တကိုယ်ရေသန့်ရှင်းမှု ပြဿနာတွေ၊ ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားမှုစတဲ့ ပြဿနာမျိူးစုံတွေနဲ့ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်တွင်းက စစ်ဘေးရှောင်တွေမှာတော့ အရင်းအမြစ်တွေရှား ပါးလာတာအပြင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေပါ ကန့်သတ်ခံထားရတာကြောင့် မြေပြင်ပေါ်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်ချက်ဟာ ပိုတိုးနေပါတယ်။ 

ရက္ခိုင့်တပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်‌ရေးရုံး ကနေ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ၃၃၁,၀၆၇ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပြင် ပြည်သူတွေရဲ့ နေရပ်တေွကို စစ်ကောင်စီဘက်ကနေ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်အ‌ရေအတွက်ဟာ မတ်လအတွင်းမှာ ပိုများလာတယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂအဖွဲ့တွေကလည်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ အဆိုးရွားဆုံးအခြေအနေမှာရှိပြီးတော့ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးအပြင် ဖုန်း၊ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားတာကြောင့် စစ်ပွဲတွင်း အရပ်ဘက်ပြည်သူတွေဟာ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ရခိုင်စစ်ဘေးရှောင်များ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013