DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်၊ မှန်ရွာတွင် တောမီးကြောင့် အဘွားအို ၁ ဦးသေဆုံး၊ အိမ် ၁၆၀ ကျော်မီးလောင်
DVB
·
March 23, 2024
မင်းတုန်းမြို့နယ်၊ မှန်ရွာတွင် တောမီးကြောင့် အဘွားအို ၁ ဦးသေဆုံး၊ အိမ် ၁၆၀ ကျော်မီးလောင်
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မှန်ရွာမှာ မတ် ၂၂ ရက်နေ့က တောမီးကတဆင့် မီးလောင်ခဲ့လို့ အဘွားအို ၁ ယောက် သေဆုံးပြီး အိမ်ခြေ ၁၆၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတုန်းမြို့နယ်က အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ မှန်ရွာမှာ မတ် ၂၂ ရက် ‌မွန်းလွဲ ၂ နာရီကျော်က ရွာထိပ်သင်္ချိုင်းနားမှာလောင်တဲ့ တောမီးကတဆင့် ရွာကို ကူးစက်လောင်ကျွမ်းတာကြောင့် အသက် ၈၀ ကျော်အရွယ် လေဖြတ်နေတဲ့ အဘွားအိုတယောက်လည်း သေဆုံးခဲ့ပါတယ်။

မင်းတုန်းမြို့ခံတယောက်က “မီးက တောမီးကနေ စလောင်တာပါ။ ရွာထိပ် သင်္ချိုင်းဘက်ကို လောင်နေတော့ ရွာသားတွေက သွားငြှိမ်းပြီး အပြန်ပဲရှိသေးတယ်။ မီးစာက ရွာက သက်ကယ်မိုး အိမ်ပေါ်သွားကျတာ။ ရွာကအိမ်တွေကလည်း တအိမ်နဲ့တအိမ်က နီးနီးလေးတွေဆိုတော့ ခဏတွင်း လောင်သွားတာ။ ရွာမှာအိမ် ၁၄၊ ၁၅ အိမ်လောက်ပဲကျန်တယ်။ ကျန်တာ အကုန်လောင်သွားတာ။ လေဖြတ်နေတဲ့အဘွားကတော့ သေသွားတယ်။ စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ အဘွားအိုရဲ့သားကိုပဲ ကယ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

မီးလောင်လို့ ပျက်စီးခဲ့တဲ့ အိမ်ခြေ ၁၆၀ ကျော်က လူဦးရေ ၁,၀၀၀ လောက်ဟာ ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့မှာ ယာယီနေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မီးလောင်မှုကို မင်းတုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မယ်ဇလီနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကျောက်တိုင်နယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ည ၆ နာရီကျော်မှာငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013