
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အောက်တိုဘာ ၈ ရက်နဲ့ ၁၂ ရက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသလို ဆေးခန်းနဲ့ နေအိမ်တွေအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ကပစ ၁၂ က တက်လာတဲ့ ပါရာမော်တာ ၂ စင်းနဲ့ မင်းတုန်းမြို့နယ်၊ မဲဇလီရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ကိုစည်သူ (၄၀ နှစ်) သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၈ ရက်၊ ညနေ ၅ နာရီကျော်ကလည်း မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာကို ပါရာမော်တာ ၃ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၈၃ နှစ်အရွယ် အမျိုးသားတယောက်၊ ၁၂ နှစ်အရွယ် ယောကျ်ားလေးတယောက် သေဆုံးခဲ့ပြီး ချင်းနစ်ကျေးရွာက ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ဒေသခံတွေရဲ့ နွား ၇ ကောင်လည်း ထိခိုက်သေဆုံးခဲ့ရသလို ကျေးရွာဆေးခန်းနဲ့ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန် ဖော်ပြထားပါတယ်။
မင်းတုန်းမြို့နယ်အတွင်းမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကြောင့် မင်းတုန်းမြို့နယ်တွင်းနေ ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ဘက်က စစ်သားအလောင်းတချို့ သိမ်းဆည်းရရှိထားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“တပ်မ-၅၅ ဦးဆောင်တဲ့ စစ်အာဏာရှင်စစ်ကြောင်းဟာ သဖန်ရောင်ဘက်ကနေ ကံကြိုးကျေးရွာအနီးက ပွိုင့်-၉၄၈ စခန်းကုန်းကို အင်အားဖြည့်တင်းပြီး အမ်းဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ နေ့တိုင်းရှိတယ်။ စစ်ကြောင်းထိုးလာရင်တော့ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်တယ်။ ဒီရက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိထားတာတွေလည်း ရှိတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်က ဆုံးရှုံးမြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ မကွေးတိုင်းဘက်က အမ်း-ပဒါန်းလမ်းပိုင်း စစ်ကြောင်းတကြောင်းနဲ့ မင်းတုန်း-အမ်းလမ်းပိုင်း စစ်ကြောင်းတကြောင်း ဆိုပြီး စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။











