Home
ဆောင်းပါး
ဧကဒသမမြောက် ယိုပေါက်ကြီးကို ပိတ်ကြ
DVB
·
March 23, 2024

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးကျိုးကြောင့် နှစ်ပေါင်း ၇၀ ကျော် တိုင်းပြည်ရဲ့ အလွန်အဖိုးတန်တဲ့ အရာများစွာဟာ စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဒလဟော ပေါက်ယိုစီးကျ လေလွင့်ဆုံးရှုံးနေရတဲ့ ယိုပေါက်ကြီးတွေရှိတဲ့ အကြောင်းကို ၂၀၁၀ ပြည့်နှစ်ကျော်ကာလမှာ “ယိုပေါက်ကြီး ၁၀ ပေါက်နဲ့မြန်မာပြည်” လို့ ခေါင်းစဉ်ပေးထားတဲ့ ဆောင်းပါး ရေးခဲ့ဖူးပါတယ်။

၁။ သယံဇာတ ဆုံးရှုံးလေလွင့်ယိုစီးမှု (Natural Resources Drain)

၂။ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်ယိုစီးမှု (Finance/Budget Drain)

၃။ ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြုပ်နှံမှုများ ပြောင်းရွှေ့‌လျော့ပါးကျဆင်းမှု (Capital Drain)

၄။ ဦးနှောက်ယိုစီးမှု (Brain Drain)

၅။ ကဏ္ဍအသီးသီးမှာ.. အရည်အသွေး နိမ့်ပါးလျော့ကျမှု (Quality Drain)

၆။ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေး လူ့တန်ဖိုး ပျောက်ရှဆုံးရှုံးမှု (Human Rights Drain)

၇။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ရှေးဟောင်းအမွေအနှစ်များ ယိုယွင်းပျက်စီးမှု (Culture and Heritage Drain)

၈။ အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲပျက်သုဉ်းမှု (National Unity Drain)

၉။ ကိုယ်ကျင့်သီလစာရိတ္တများ ယိမ်းယိုင်ပျက်စီးမှု (Character Drain)

၁၀။ လုပ်အားဆုံးရှုံးလေလွင့်မှု (Labour Drain)

အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးစစ်အာဏာရှင်လည်းဖြစ် ပြည်သူအလိုမတူဘဲ တိုင်းပြည်အာဏာကို လုယူခဲ့တဲ့ ဘုရင်ရူး စစ်မိစ္ဆာ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အပေါ်က ယိုပေါက်ကြီး ၁၀ ပေါက်ထက် ပိုအန္တရာယ် ကြီးမားပြီး နိုင်ငံကို ဆုံးရှုံးစေတဲ့ ဧကဒသမမြောက်ယိုပေါက် (ယိုပေါက်အမှတ် ၁၁) ကို ရိုင်းစိုင်းယုတ်မာစွာ ဖောက်ခဲ့ကြပါတယ်။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းလိုတာမို့ ခွင့်မလွှတ်ထိုက်တဲ့အမှားတွေ ဗလချီးနမ်းအောင် ကျူးလွန်ပြီး မိုက်မဲရမ်းကားတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်ဓားပြဂိုဏ်း ဖောက်ခဲ့တဲ့ ဧကဒသမမြောက် ယိုပေါက်ကြီးကတော့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ခန္ဓာ ဆုံးရှုံး ယိုစီးပေါက်ကျစေတဲ့ ကြောက်မက်ဖွယ်ရာ ယိုပေါက်ကြီးပဲ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် အစိုးရမဟုတ်တဲ့ The Armed Conflict Location & Event Data Project (ACLED) အဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက်အရ အာဏာလုယူတဲ့ အချိန်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ တိုင်းရင်းသား ရဟန်းရှင်လူ ကျောင်းသားလူငယ်တွေ၊ စစ်ဗိုလ် စစ်သား ရဲသား၊ ထွေအုပ်ဝန်ထမ်း ၄၆,၈၉၇ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တကယ်တမ်း ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်ခဲ့ရပြီး တရားဥပဒေ လုံးဝမစိုးမိုးတော့တဲ့ စစ်အုပ်ချုပ်ရေး ကာလအတွင်း တနိုင်ငံလုံး အတိုင်းအတာမှာ အဖိုးတန်တဲ့ နိုင်ငံသူ နိုင်ငံသား လူ့အသက်တွေ ဆုံးရှုံးခဲ့ရတာဟာ အဲဒီအရေအတွက်ထက် အများကြီးပိုနိုင်ပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာကာလအတွင်းမှာတင် အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား (၁၂ ဒသမ ၅ ရာခိုင်နှုန်း) သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီတပ်ဖွဲ့ရဲ့ ၁၁၁၁ စစ်ဆင်ရေး၊ CDF ချင်းတပ်ဖွဲ့နဲ့ ကရင် KNLA တပ်ပေါင်းစုတွေရဲ့ ထိုးစစ်တွေ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး အညာဒေသက PDF တွေ၊ ပကဖတွေရဲ့ ထိုးစစ်နဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ၊ အခုနောက်ဆုံး ကချင် KIA ရဲ့ ထိုးစစ်တွေကြောင့် ၂၀၂၃ အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ နှစ်ဖက်အင်အားစုရဲ့ စစ်သည်တွေရဲ့ အသက်ဆုံးရှုံးမှုတွေ၊ မြေစာပင်ဖြစ်ပြီး လေယာဉ်နဲ့ဗုံးကြဲတာ၊ မီးရှို့သတ်ဖြတ်ခံရတာတွေ၊ ထိတွေ့တိုက်ပွဲတွေကြားမှာ အတိအကျမသိရဘဲ အသက်ဆုံးပါးခဲ့ရတဲ့ အရပ်သား ပြည်သူတွေရဲ့ အသက်တွေပါ ပေါင်းတွက်ကြည့်မယ်ဆိုရင် ခန့်မှန်းခြေ ငါးသောင်းနဲ့ တသိန်းကြားမှာ ရှိနိုင်ပါတယ်။

အရပ်ဘက်သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအရ စစ်အာဏာလုချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝန်းမှာ စစ်ဓားပြတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၁,၆၅၂ ခု ရှိခဲ့ရာမှာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် စုစုပေါင်း နေအိမ် အဆောက်အဦ ၂၄၁ ခု ပျက်စီးခဲ့ရသလို အရပ်သား ၉၃၆ ဦး သေဆုံးခဲ့ပြီး ၈၇၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါအပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံတဝန်းမှာ ဖက်ဆစ်စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၂၁၀ ခုကို ကျူးလွန်ခဲ့ပြီး စုစုပေါင်း အပြစ်မဲ့အရပ်သား ပြည်သူ ၂,၀၇၉ ဦး သေဆုံးခဲ့တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ပါဝင်ပါတယ်။

ကိုယ်ကျင့်သီလတည်ကြည်တဲ့ နိုင်ငံ့ခေါင်းဆောင်တိုင်းဟာ ပြည်သူလူထုရဲ့ အသက်နဲ့ ဘဝတွေကို အလွန်တန်ဖိုးထားကြပါတယ်။ ပြည်တွင်းစစ်တွေ မတောက်လောင်စေဖို့ နိုင်ငံသူ နိုင်ငံသားတွေ အသက်ဘေးအန္တရာယ် ကျစေနိုင်မယ့် ကိစ္စမှန်သမျှ မကျရောက်စေရအောင်၊ ငြိမ်းချမ်းသာယာအောင် ကြိုးပမ်းဆောင်ရွက်လေ့ ရှိပါတယ်။ ဒီအချက်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ပါစကားတွေနဲ့ လက်တွေ့လုပ်ရပ်တွေက သက်သေခံနေပါတယ်။

“နိုင်ငံသစ်တည်ဆောက်ဖို့ လူငယ်တွေ ဘေးကင်းဖို့လိုတယ်။”

“ကျမတို့ပြည်သူတွေဟာ ကျမတို့နိုင်ငံအတွက် တဦးချင်း တန်ဖိုးရှိပါတယ်။ တဦးမှ အပျောက်အပျက် မခံနိုင်ပါဘူး။”

“တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူနိုင်ငံသားတွေပဲ။”

“ပြည်သူတွေကျန်းမာမှ ပြည်သူတွေချမ်းသာမှ နိုင်ငံက လုံခြုံမယ်။ နိုင်ငံက တိုးတက်မယ်။”

“တကယ်တမ်းသာ ကိုယ့်နိုင်ငံအပေါ်မှာ စေတနာရှိရင် နိုင်ငံကိုထိခိုက်မယ့်ကိစ္စမျိုး ဘယ်တော့မှ မလုပ်ဘူး။”

“ငြိမ်းချမ်းရေး တရက်စောရရင် တိုင်းပြည်နဲ့ ပြည်သူတွေအတွက် တရက်စောပြီး အကျိုးရှိမယ်။”

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံနဲ့ ပြည်သူလူထုအပေါ် စေတနာမဲ့လှတဲ့ ဘုရင်ရူး မင်းအောင်လှိုင်နဲ့ မကောင်းဆိုးဝါး နောက်လိုက် မိစ္ဆာတသိုက်ဟာ စစ်အာဏာရှင် စနစ်ဆိုးကြောင့် တိုင်းပြည်ရဲ့ အလွန်အဖိုးထိုက်တန်တဲ့ အရာများစွာဟာ… စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဒလဟော ပေါက်ယိုစီးကျ လေလွင့်ဆုံးရှုံးနေရတဲ့ ရှိပြီးသား ယိုပေါက်ကြီး ၁၀ ပေါက်အပြင် သူတို့ မတရားလုယူထားတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်မလွှတ်ရအောင် သူတို့ ခိုးယူထားတဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်နိုင်ဖို့  နိုင်ငံသူ နိုင်ငံသားတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အသက်ခန္ဓာ ဆုံးရှုံးယိုစီးပေါက်ကျစေတဲ့ ဧကဒသမမြောက် ယိုပေါက်ကြီးကို ထပ်ဖောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူး စစ်ဘီလူးတွေလက်ထဲ အာဏာရှိနေသ၍ ဘယ်သူ့အတွက်မှ အသက်လုံခြုံမှု၊ ဘဝလုံခြုံမှု မရှိနိုင်တော့ပါဘူး။ စစ်အာဏာရှင်စနစ် ရှင်သန်ရေးအတွက် အနာဂတ် ခေါင်းဆောင်ဖြစ်ကြမယ့် လူငယ်လူရွယ်တွေရဲ့ အသက်ခန္ဓာကို စတေးပစ်မယ့်၊ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအတွက် အသက်ဘဝတွေ ဆုံးရှုံးယိုစီးပေါက်ကျစေမယ့် ဒသမမြောက် ယိုပေါက်ကြီးကို ပိတ်ပစ်နိုင်ဖို့အတွက် မိမိတို့အနီးနားက စစ်အာဏာရှင် အသိုင်းအဝိုင်း တရပ်လုံးကို ညီညီညာညာ တချိန်တည်း တပြိုင်နက် ဝိုင်းဝန်းဆန့်ကျင် ဖယ်ရှား ရှင်းလင်းရေးဟာ နိုင်ငံတဝန်းလုံးမှာရှိတဲ့ ပြည်သူပြည်သားတိုင်းရဲ့ မဖြစ်မနေ ထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန် ဖြစ်လာပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024