DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် စစ်မှုထမ်းရန် လူစုနေသည့် ရာအိမ်မှူး ၁ ဦး အသတ်ခံရ
DVB
·
March 22, 2024
သံတွဲတွင် စစ်မှုထမ်းရန် လူစုနေသည့် ရာအိမ်မှူး ၁ ဦး အသတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းပေးဖို့ လူငယ်တွေကို စာရင်းကောက်ခံ စုဆောင်းပေးနေတဲ့ ရာအိမ်မှူးတဦး မတ် ၂၁ ရက်၊ နေ့လယ်ပိုင်းက သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု သတ်ဖြတ်ခံရသူဟာ သံတွဲမြို့နယ်၊ ဒါဝကျေးရွာက ရာအိမ်မှူး ဦးဝင်းရွှေ (၄၅ နှစ်) ဖြစ်​ပြီး မတ် ၂၁ ရက်က စျေးဝယ်ပြီးအပြန်မှာ အသတ်ခံလိုက်ရတာလို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာ သံတွဲမြို့က စျေးဝယ်ပြီး အပြန်မှာ ရာအိမ်မှူးတဦး အသတ်ခံရတာက ဟုတ်တယ်။ သူက စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့အတွက် သူ့ရွာက လူငယ်တွေရဲ့ လူစာရင်းကို ကောက်ပေးနေသူဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ မကျေနပ်လို့ သတ်ဖြတ်ကြတာလည်း ဖြတ်နိုင်တယ်။”

အခုအသတ်ခံလိုက်ရတဲ့ ရာအိမ်မှူး ဦးဝင်းရွှေဟာ စစ်ကောင်စီထံမှာ စစ်မှုထမ်းဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ဒါဝကျေးရွာသား ၃၂ ဦးကို ကာယကံရှင်တွေရဲ့ ဆန္ဒမပါဘဲ စာရင်းကောက်ယူပြီး စစ်ကောင်စီထံကို ပေးအပ်ခဲ့တယ်လို့ ဒေသခံတွေကြား ပြောဆိုနေကြပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီဘက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဖို့အတွက် အတင်းအကျပ် ဖိအားပေး စာရင်းပေးခိုင်းတာကြောင့် မြို့နယ်အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ မတ် ၁၈ ရက်က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာ အသီးသီး တင်ထားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကတဆင့် စစ်မှုထမ်းဖို့ လူစာရင်းတွေ တောင်းခံနေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက မွတ်စလင်လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စေခိုင်းပြီးတော့ ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွေမှာ ဝင်ရောက်ခိုက်တိုက်ဖို့ စေခိုင်းခဲ့တာကြောင့် သေဆုံးခဲ့သူတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ် ၂၀ ရက်မှာ ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013