DVB Logo
Home
မြန်မာသတင်း
ယခုဘဏ္ဍာနှစ်တွင် ပြည်ပကို တရားဝင်​စေလွှတ်သည့် မြန်မာအလုပ်သမား ၁၇၀,၀၀၀ နီးပါးရှိ
DVB
·
March 22, 2024
ယခုဘဏ္ဍာနှစ်တွင် ပြည်ပကို တရားဝင်​စေလွှတ်သည့် မြန်မာအလုပ်သမား ၁၇၀,၀၀၀ နီးပါးရှိ
Donate to DVB

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို အေဂျင်စီတွေက စေလွှတ်တဲ့ လုပ်သားဦးရေ ၁၇၀,၀၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီကနေ ဒီနှစ် ဖေဖော်ဝါရီလအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားအရေအတွက်ဟာ  ၁၆၇,၉၂၆ ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစာရင်းဟာ ထိုင်းနိုင်ငံအတွက် မြဝတီ၊ ကော့သောင်းမှ အမှန်တကယ်ထွက်ခွာတဲ့ MoU နဲ့ U-Turn စာရင်းအတိုင်း ပြုစုထားတာဖြစ်ပြီး တခြားနိုင်ငံတွေအတွက် OWIC (ပြည်ပအလုပ်အကိုင် သက်သေခံကတ်) ပြုလုပ်ခဲ့တဲ့ စာရင်းအပေါ် အခြေခံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီအနေနဲ့ အလုပ်သမားစေလွှတ်ခဲ့တဲ့ ဦးရေအလိုက် အခွန်ဆောင်နိုင်ဖို့အတွက် အဲဒီဌာနက ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “စေလွှတ်စာရင်းဆိုပေမဲ့ တချို့အလုပ်သမားတွေက မထွက်ရသေးတာ ရှိတယ်။ ဌာနဆီမှာတော့ စေလွှတ်စာရင်း ဝင်နေတာပေါ့။ အရေအတွက်ကတော့ အနည်းအကျဥ်းပါပဲ” လို့ ပြောပါတယ်။

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လတွေမှာ စေလွှတ်လုပ်သားဦးရေ ၁၉,၀၀၀ နီးပါးစီနဲ့ အများဆုံးရှိခဲ့ပြီး မတ်လအတွက် စေလွှတ်စာရင်းမှာလည်း အလားတူရှိမယ်ဆိုရင် တနှစ်အတွင်း ပြည်ပစေလွှတ်တဲ့ လုပ်သားဦးရေဟာ ၂၀၀,၀၀၀ နီးပါး ရှိသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ပုံမှန်စေလွှတ်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က တနှစ်ကို လုပ်သားဦးရေ ၁၆၀,၀၀၀ နီးပါးသာ စေလွှတ်နိုင်ခဲ့တာကြောင့် စစ်အာဏာသိမ်းကာလမှာ ပြည်ပထွက်ခွာသူ ပိုများလာတာကို ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

အဲဒီလို တရားဝင် ပြည်ပထွက်ခွာသူ တိုးမြင့်လာသလို တရားမဝင် ပြည်ပထွက်ခွာသူတွေလည်း များပြားနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အကျုံးဝင်သူတွေကို စာရင်းကောက်ယူနေတာကြောင့် ပြည်ပထွက်ခွာလိုသူတွေ ပိုပြီး များပြားနေတယ်လို့လည်း အေဂျင်စီတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013