DVB Logo
Home
မြန်မာသတင်း
AA သိမ်းထားသည့် ရခိုင်ပြည်နယ်မြို့နယ်များ၌ ဘဏ်စနစ်မလည်ပတ်နိုင်သဖြင့် ငွေသား ပြတ်လပ်နေ
DVB
·
March 22, 2024
AA သိမ်းထားသည့် ရခိုင်ပြည်နယ်မြို့နယ်များ၌ ဘဏ်စနစ်မလည်ပတ်နိုင်သဖြင့် ငွေသား ပြတ်လပ်နေ
Donate to DVB

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေမှာ ဘဏ်စနစ်လည်ပတ်မှု မရှိတော့တာကြောင့် ငွေသားပြတ်လပ်မှုနဲ့ ကြုံလာနေကြရတယ်လို့ ငွေလွှဲ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA က သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ကိုးမြို့အထိရှိပြီး အဲဒီမြို့တွေနဲ့ စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်တန့်သွားကြတာ ဖြစ်ပါတယ်။

ဘဏ်စနစ်လည်ပတ်နိုင်မှု မရှိတာကြောင့် ငွေသားလည်ပတ်မှုမှာ လုံးဝနီးပါး ရပ်တန့်နေတဲ့အတွက် ငွေကြေးတတ်နိုင်တဲ့သူတွေဆီကနေ ငွေသားကို ဝယ်ယူ သုံးစွဲနေကြရတယ်လို့ ကျောက်တော်မြို့နယ်က ငွေလွှဲ ငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဘဏ်တွေရပ်တန့်နေတာ လေးလနီးပါးရှိလာတော့ ငွေသားပြတ်လပ်မှု ပြဿနာလည်း ကြီးမားလာတယ်။ ဘဏ်တွေ ရပ်တန့်ထားတာကြောင့် ဘဏ်အကောင့်ထဲက ငွေတွေက ထုတ်မရတော့ဘူး။ ငွေလွှဲ ငွေထုတ်လုပ်ငန်း လည်ပတ်ဖို့တောင် ငွေကြေးတတ်နိုင်တဲ့ သူတွေဆီက ငွေသားကို ရာခိုင်နှုန်းပေးပြီး ဝယ်နေကြရတယ်။”

ရခိုင်မှာ ဘဏ်စနစ်ရပ်တန့်တာကြောင့် ငွေလွှဲ ငွေထုတ် လုပ်ငန်းတွေကို အွန်လိုင်း ငွေကြေးစနစ်ကိုသာ အဓိကထားပြီး လုပ်ကိုင်နေကြရပြီး ငွေသားပြတ်လပ်လာတဲ့အတွက် ငွေထုတ်ခ ၁၀၀,၀၀၀ ကို ရာခိုင်နှုန်းအဖြစ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးနေကြရတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့ခံတဦးက “ရခိုင်ဘက်က ဘဏ်စနစ်က ရပ်တန့်နေတာကြောင့် ငွေလွှဲ ငွေထုတ်ကို အွန်လိုင်းစနစ်နဲ့ပဲ အဓိက လွှဲနေကြရတယ်။ ငွေထုတ်တဲ့အခါမှာလည်း အေဂျင့်တွေမှာ ငွေသားတွေ ပြတ်တောက်လာတာကြောင့် ငွေထုတ်ခတွေ ၁၀၀,၀၀၀ ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးပြီးထုတ်ရတယ်။ ကိုယ့်အတွက် သိပ်မှမကျန်တော့ဘူး။ တာဝန်ရှိသူတွေကိုတော့ ဘဏ်စနစ်တွေ အမြန်ဆုံး လည်ပတ်နိုင်အောင်တော့ တခုခု စီစဉ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တော် စစ်တွေ အပါအဝင် တောင်ပိုင်းမြို့နယ်တချို့မှာတော့ ဘဏ်စနစ်လည်ပတ်မှု ရှိသေးတာကြောင့်  မြောက်ပိုင်းမြို့နယ်တွေမှာလောက် ငွေသားပြတ်လပ်မှု မရှိသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲမြို့နဲ့ တောင်ပြိုလက်ဝဲမြို့တို့ကို  AA ကသိမ်းပိုက်ထားတာ ဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013