DVB Logo
Home
မြန်မာသတင်း
လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်း ၆ နှင့် မိုးမောက်က စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
March 22, 2024
လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်း ၆ နှင့် မိုးမောက်က စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာအနီးက စစ်ကောင်စီရဲ့ နာဖော့ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်း ခြောက်ခုနဲ့ မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို မတ် ၂၁ ရက်မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နာဖော့ပါဂျို ဗျူဟာကုန်း အပါအဝင် အူဂါရှန်၊ ရင်ဆိုင်ကုန်း၊ Point ၆၆၆ - ၇၊ ဝူလော့ကုန်း၊ ခင်ဒူကုန်းစတဲ့ စစ်ကောင်စီစခန်း ခြောက်ခုကို မတ် ၂၁ ရက် မနေ့မနက် ၁၀ နာရီလောက်က အပြီးသတ် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်ကာ လိုင်ဇာအနီးက လီဆူပါဂျိုက စစ်ကောင်စီ ရှေ့တန်းကာကင်း တပ်စခန်းကိုတော့ မတ် ၁၈ ရက်က သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက “လိုင်ဇာနဲ့ ပါဂျိုကြားက နာဖော့တောင်ကြော တလျှောက်ရှိတဲ့ စစ်ကောင်စီစခန်း အားလုံးကို မနေ့က မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက အားလုံး အကုန်အစင် ရှင်းလင်းသိမ်းပိုက်လိုက်ပြီ။ ခြောက် ခုဟုတ်တယ်” လို့ ပြောပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိတဲ့ နာဖော့ စစ်ကောင်စီ ဗျူဟာစခန်းဟာ လိုင်ဇာဌာနချုပ် အနီးက မဟာဗျူဟာကျပြီး အရေးအကြီးဆုံး စခန်းတခုဖြစ်ကာ လွန်ခဲ့တဲ့ ၁၉၈၆ က စစ်ကောင်စီတပ်တွေ တိုက်ခိုက်သိမ်းယူထားပြီး အခြေစိုက်စခန်းချထားတာလို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မတ် ၂၁ ရက် မနက် ၇ နာရီလောက်ကစပြီး ဗန်းမော် နွမ်းမလန်းရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ - ၄၃၈ တပ်စခန်းကြီးနဲ့ အမှတ် ၆၁၆ အမြောက်တပ်စခန်းကြီး နှစ်ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ပြီး ညနေ ၅ နာရီကျော်လောက်မှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက “နွမ်းမလန်း စစ်ကောင်စီစခန်းကို မနေ့ မတ်လ ၂၁ ရက်နေ့  ညနေ ၅ နာရီ‌ကျော်ခန့်က၊ ၆၁၆ အမြောက်တပ်ကို မနေ့ညနေပဲ ၆ နာရီခွဲခန့်က သိမ်းလိုက်နိုင်တယ်”လို့ ပြောပါတယ်။

မတ် ၇ ရက်ကစပြီး KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ လိုင်ဇာအနီးနဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းရှိ စစ်ကောင်စီစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ရာ ၁၀ ရက်ကျော်အတွင်း စခန်းကြီးသေးပေါင်း ၄၀ ဝန်းကျင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : KIA ရှေ့တန်း ရင်းမြစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013