DVB Logo
Home
မြန်မာသတင်း
သင်္ကန်းညီနောင် ခမရ ၃၅၆ တပ်ရင်းကို KNLA  ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ
DVB
·
March 21, 2024
သင်္ကန်းညီနောင် ခမရ ၃၅၆ တပ်ရင်းကို KNLA  ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ
Donate to DVB

သင်္ကန်းညီနောင် ခမရ ၃၅၆ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်နေရာမှာ   ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိထားတယ်လို့  KNLA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ ကျန်​ရှိနေ​သေးတဲ့ စစ်ကောင်စီ တပ်ရင်းဌာနချုပ်​တွေကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် နှစ်ဖက် တိုက်ပွဲတွေ မတ် ၂၁ ရက် အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။

မတ် ၁၅ ရက် ည ၇ နာရီလောက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၁ ဦးရှိပြီး လက်နက်ခဲယမ်းအများအပြားကိုရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ဖွဲ့မှူးက ပြောပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်ဖွဲ့မှူး အောင်စံရှားက “စစ်‌ကောင်စီစစ်ကြောင်းတွေကို တောတောင်အနှံ့ ဖြန့်ကြက်တိုက်ခိုက်နေရာက နယ်စပ်အထိုင်စခန်းတွေ၊ စစ်ကြောင်းတွေ၊ မြို့ပြတပ်ရင်းတပ်စခန်းတွေကို အထိုင်စွဲတိုက်ခိုက်နေပြီး အထိုင်ချနယ်မြေစိုးမိုးရေးရယူတဲ့ ပုံစံနဲ့ တိုက်ပွဲတွေဖော်ဆောင်နေတယ်”လို့ ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာကုန်း၊ မဲသရောထစခန်းနဲ့ ဂျိုးဖြူချက်ပွိုင့် စခန်းကုန်း ကို  KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း ဘက်ပေါင်းစုံက အားကောင်းလာပြီဖြစ်လို့  ပြည်သူလူထုမျှော်လင့်နေတဲ့ အောင်မြင်မှုတွေရရှိလာမယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ဖွဲ့မှူး အောင်စံရှားက ပြောပါတယ်။

“စကစရဲ့ အခြေအနေက သူတို့ တခုပြီးတခု လက်လွှတ်ဆုံးရှုံးရတဲ့အပြင် လက်ရှိအခြေအနေမှာ စကစရဲ့ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပိတ်ဆို့ ဝိုင်းရံထားတဲ့ အခြေအနေကနေ နယ်မြေစိုးမိုးရေး ပိုမိုရရှိလာပြီဖြစ်လို့ မကြာခင်မှာ တခြားမြို့တွေနည်းတူ ပြည်သူလူထု မျှော်လင့်နေတဲ့ အောင်မြင်မှုတွေရရှိလာမယ်။”

ဒါအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့  KNU  တပ်မဟာ (၇) နယ်မြေထိန်းချုပ်နယ်မြေအတွင်း မတ်လ တတိယပတ်က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မဲသဝေါနယ်မြေအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအယောက် ၂၀ လောက်က နယ်မြေ ကျော်ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ စက်ယန္တရား နှစ်စီးအပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို KNLA တပ်တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

မတ် ၂၀ ရက် မွန်းလွဲ ၁၂ နာရီလောက်က ကော့ကရိတ်မြို့ ၊ အမှတ် ၁ ရပ်၊ ချောင်းတောင် အလယ်ပိုင်းအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် စစ်ရှောင်နေအိမ် တွေ မီးလောင်ပျက်စီးခဲ့ ပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ဘယ်လိုလုပ်မလဲ အိမ်ကမီးလောင်ကုန်ပြီ။ အသစ်ကနေပြန်စရ တော့မယ်။ ပြန်ဆောက်ရမယ်ဆိုရင် မရှိဆင်းရဲသားတွေချည်းပဲ အကုန်လုံးက။ တနေ့လုပ် တနေ့စားသမားတွေချည်းပဲ။ ပိုက်ဆံရှိတဲ့သူတွေကော အကုန်လုံးက ဆုံးရှုံးနစ်နာတယ်။ ပြန်ရဖို့ဆိုတာ မလွယ်ဘူးလေ”လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေ တိုက်ပွဲပြင်း ထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကခြမ်းကို ထွက်ပြေးတာတွေ ရှိပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013