DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လူ ၂ ဦးကို ပစ်သတ်၊ နေအိမ်များကို မီးရှို့ 
DVB
·
March 21, 2024
မတ္တရာမြို့နယ်၌ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လူ ၂ ဦးကို ပစ်သတ်၊ နေအိမ်များကို မီးရှို့ 
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း မကြီးကုန်းရွာကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မတ် ၂၀ ရက် မနက် ၆ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မြောင်းဦးရွာအရှေ့ဘက် ရှင်မတောင်ရွာကနေ စတင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ချုံခိုတိုက်ခိုက်ခဲ့တာပါ။

မတ္တရာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက“အရင်ဆုံး စကစဘက်က တိုက်မိုင်းမိတယ်။ တိုက်မိုင်းမိပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး မကျည်းကုန်းရွာတောင်ဘက် ရွာသာယာဘက်ကို ဆုတ်သွားတယ်။‌‌ ရွာသာယာရွာကနေ ညောင်ပင်သာရွာဘက်ကို ထပ်တက်လာတယ်ဗျ။ နောက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို ကျောက်တံတားက စကစ ဘက်က စစ်ကူထပ်တက်လာတယ်။ အဲဒီစစ်ကြောင်းကိုလည်း ကျနော်တို့ တော်လှန်ရေးအဖွဲ့က ထပ်မိုင်းဆွဲလိုက်တယ်။ သူတို့ စီးလာတဲ့ကားကို မိုင်းမိတဲ့ နေရာမှာပဲ စကစဘက်က သူတို့ကိုယ်တိုင် မီးရှို့ထားခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရသွားပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတိကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“ဇီးဖြူပင်ရွာသား ကိုထွန်း အသက် ၂၃ နှစ်လောက်က  မနက်ခင်းတိုက်ပွဲဖြစ်ပွားပြီး သူတို့ စစ်ကြောင်းနဲ့ တန်းတိုးလို့ အဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရတယ်။ နောက်ထပ်တယောက်က အသက် ၆၀ ကျော်ရှိတဲ့ ညောင်ပင်သာရွာသား ဦးအောင်ထွန်းကို ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သတ်သွားတယ်ဗျ။ ဦးအောင်းထွန်းကို သူ့ရဲ့သရက်ခြံထဲ သတ်ဖြတ်သွားတာဗျ။” 

မတ္တရာမြို့နယ် ညောင်ပင်သာကျေးရွာမှာ ပကဖအဖွဲ့ဝင်တဦးနဲ့ ​ဒေသခံ ပြည်သူတဦးကို စစ်ကောင်စီတပ်က မတ် ၂၀ ရက် မနက်ပိုင်းမှာ ပစ်သတ်ခဲ့တာလို့ မတ္တရာမြို့နယ် ပကဖသတင်းတာဝန်ခံ ကိုဘိုတောက်ကလည်း ပြောပါတယ်။

"မတ္တရာမြို့နယ် ကျောက်တံတား ကျေးရွာက အင်အား ၆၀ နဲ့ စစ်ကြောင်းတကြောင်း၊ သဖန်းကိုင်းရွာ အထိုင်တပ်ကအင်အား ၁၂၀ နဲ့ တကြောင်း ညောင်ပင်သာကိုဝင်လာပြီး ပကဖရဲဘော် တဦးနဲ့ ပြည်သူတဦးကိုသတ်သွားတာပါ။ 

ညောင်ပင်သာရွာကို စစ်တပ်ကဝင်စီးချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် သုံးဦး စစ်ကြောင်းနဲ့ တွေ့ခဲ့ပေမဲ့ နှစ်ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန်ခဲ့တဲ့ တဦး ကိုတော့ စစ်တပ်က နှိပ်စက်သတ်ခဲ့တယ်လို့ဆိုပါတယ်။

" ပကဖရဲဘော်က ရင်ဘတ်ကို ဓားနဲ့ထိုးမွှေခံထားရတယ်။ လက်လည်း ဖြတ်ခံထားရပါတယ်။  အလောင်းတော့ရခဲ့ပါပြီ"လို့ ကိုဘိုတောက်က ပြောပါတယ်။ 

စစ်ကောင်စီစစ်‌ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီးနောက်  မနက် ၁၀ နာရီခွဲလောက်မှာ ရွာသာယာရွာမြောက်ဘက် ဒေသအခေါ် ဆင်တော်‌ချောင်တောတိုက်က ပြည်သူနေအိမ် အလုံး ၂၀ လောက်ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ညောင်ပင်သာကျေးရွာကို ဝင်စီးခဲ့တဲ့စစ်ကောင်စီတပ်ဟာ ရှားစေးချက်ကြီးရွာကိုလည်း ဝင်ရောက်ပြီး မနက် ၈ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့တာကြော င့်နေအိမ် ၁၄ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013