
အီရတ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ နော်ဝေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကစားသမားတွေအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ ကြောက်ရွံ့မှုမရှိဘဲ ကစားကြဖို့ အီရတ်အသင်း နည်းပြ ဂရေဟမ်အာနိုးလ်က တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၁၅ ရက်က အမေရိကန်နိုင်ငံ ဖောက်စ်ဘရော့မြို့မှာ အသင်းရဲ့ နောက်ဆုံးလေ့ကျင့်ခန်းအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
နည်းပြ အာနိုးလ်က အီရတ်အသင်းရဲ့ အားသာချက်က တယောက်ချင်း ထိပ်တိုက် ယှဉ်ပြိုင်မှုတွေ မှာ အသာစီးယူနိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။
အီရတ်အသင်းဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရတာဖြစ်လို့ တသင်းလုံး မျှော်လင့်ချက်တွေ စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေပါတယ်။
တဖက်မှာလည်း နော်ဝေအသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရတာဖြစ်ပါတယ်။
အီရတ်အသင်းဟာ အုပ်စု (အိုင်)မှာ ပြင်သစ်၊ နော်ဝေ၊ ဆီနီဂေါအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက် နေပါတယ်။
Photo:Reuters










