
DVB
အိမ်ဖြူတော်အရှေ့ဘက်အဆောင်ဖြိုချပြီး ဒေါ်လာသန်း ၄၀၀ တန် ကပွဲခန်းမ ဆောက်လုပ်ရေး လုပ်နေတာကိုရပ်တန့်ဖို့ ထရမ့်ပ်အစိုးရကို အမေရိကန်အယူခံတရားရုံးက ဩဂုတ် ၇ ရက်က အမိန့်ချခဲ့ပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့ဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက် မယူဘဲ သမိုင်းဝင်အရှေ့ဘက်အဆောင်ကို ဖြိုချပြီး စတုရန်းပေး ၉၀,၀၀၀ နေရာမှာ ကပွဲခန်းမ စတင် တည်ဆောက်နေတာကို ပြီးခဲ့တဲ့နှစ်က သမိုင်းဝင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်အခြေစိုက် ကိုလံဘီယာခရိုင်အယူခံတရားရုံးက တရားလိုရဲ့ စွဲဆိုမှုကို ၂-၁ မဲနဲ့ အကြို တားမြစ်တဲ့အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
အယူခံတရားရုံးရဲ့ ထုတ်ပြန်ချက်ကို ထရမ့်ပ်အစိုးရအဖွဲ့က အမေရိကန်တရားရုံးချုပ်မှာ အယူခံဝင်ဖို့ ၁၄ ရက်အချိန်ရပါတယ်။
ဒါဟာ သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်ပြီး စမ်းသပ်မှု တခုဖြစ်တယ်လို့ လည်း ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်ခရိုင်တရားသူကြီး ရစ်ချက်လီယွန်က မြေအောက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ခွင့်ပြုထားပြီး မြေပေါ်တည်ဆောက်မှုတွေကို ပိတ်ပင်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကို ထရမ့်ပ်က အယူခံဝင်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။
သမ္မတဘုရှ်ခန့်အပ်ခဲ့တဲ့ လီယွန်က သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဖက်ဒရယ်ဥပဒေမရှိ တာကြောင့် လွှတ်တော်ရဲ့ အတည်ပြုချက်မယူဘဲ ဆောက်လုပ်ခွင့်မရှိဘူးလို့ အမိန့်ချခဲ့တာပါ။
ကပွဲခန်းမအစီအစဉ်က အိမ်ဖြူတော်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ အခမ်းအနားတွေ လုပ်ဖို့ လိုအပ်တယ်လို့ အစိုးရအဖွဲ့က ဖော်ပြထားပြီး ဒီအစီအစဉ်က အစိုးရအဆောက်အအုံနဲ့ အမှတ်တရ နေရာတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ထရမ့်ပ်အတွက် အကြီးမားဆုံး ကြိုးစားမှုဖြစ်ပါတယ်။
ကနေဒီစင်တာမှာ ထရမ့်ပ်ရဲ့ အမည် ပါဝင်နေတာနဲ့ပတ်သက်ပြီးလည်း တရားစွဲဆိုမှုကြောင့် ပြန်လည်ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။
အိမ်ဖြူတော်အရှေ့ဘက်အဆောင် ဖြိုချပြီးပြန်လည်တည်ဆောက်တာနဲ့ပတ်သက်လို့ တရားရေး ရှေ့နေ ရုဒ်က အိမ်ဖြူတော်ရှိသမ္မတနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးက ဗိသုကာ လက်ရာတွေ ထက် ပိုပြီးအရေးကြီးတယ်လို့ ဇွန် ၅ ရက်က ပြောခဲ့ဖူးပါတယ်။
Source:Reuters










