DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းမရှိတော့ဟု CDM စစ်ဘက်အရာရှိများ သုံးသပ် 
DVB
·
March 20, 2024
စစ်ကောင်စီတပ် နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းမရှိတော့ဟု CDM စစ်ဘက်အရာရှိများ သုံးသပ် 
Donate to DVB

စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တိုင်း တဖက် အိမ်နီးချင်းနိုင်ငံဘက်ကို အစုလိုက်ထွက်ပြေးလေ့ရှိတာဟာ စစ်တပ်မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းရည် မရှိတော့ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ CDM စစ်မှုထမ်းဟောင်းအရာရှိတွေက  သုံးသပ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ တပ်တွေနဲ့ ပူးပေါင်းတပ်တွေဟာ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်း (မဲ့သရောထစခန်း)ကို မတ် ၁၉ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးက ပြန်လည်မခုခံတော့ဘဲ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးတာ ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အောင်သပြေနယ်ခြားစောင့်စခန်းက တပ်ဖွဲ့ဝင် ၁၈၀ နီးပါးကလည်း ရခိုင်တပ်တော်ရဲ့ တိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်စွမ်း မရှိတော့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေက စစ်ကောင်စီဟာ နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်း မရှိတော့တာကို ပြသနေတာ ဖြစ်သလို လက်အောက်ခံတပ်ဖွဲ့တွေကလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်လိုစိတ်မရှိတော့ဘူး စစ်ရှုံးနေပြီဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ တပ်မတော်အရာရှိ  ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

တပ်စခန်း စွန့်ခွာထွက်ပြေးရင်တောင် စစ်တပ်ထဲမှာ ကြီးလေးတဲ့ပြစ်ဒဏ်ပေးမှုကို ခံရတာကြောင့် အခုလို နယ်စပ်ဖြတ်ကျော်ပြီး တခြားနိုင်ငံထဲကိုထွက်ပြေးတာက စစ်တပ်သမိုင်းမှာ အတော်ကို ရှက်စရာကောင်းတဲ့ ပြစ်မှုဖြစ်ပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီဟာ အဲဒီတပ်ဖွဲ့ဝင်တွေကို ပြစ်ဒဏ်မပေးဘဲ တိုက်ခိုက်ရေးတပ်တွေမှာ အင်အားအဖြစ် ပြန်လည်အသုံးပြုနေတယ်လို့ CDM အရာရှိက ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံရတဲ့အခါမှာ နယ်စပ်တလျှောက်မှာရှိနေတဲ့ တပ်စခန်းတွေက တခုနဲ့တခု စစ်ကူပစ်ကူ မပေးနိုင်တော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေကြောင့် အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် တဖက်နိုင်ငံထဲကို ထွက်ပေးခိုလှုံကြတာ ဖြစ်နိုင်တယ်လို့လည်း  CDM လုပ်ထားတဲ့ စစ်တပ်အရာရှိဟောင်း ကိုလင်းထက်အောင်က ပြောပါတယ်။

အခုလိုဖြစ်ရပ်တွေက စစ်ကောင်စီအတွက် အိမ်နီးချင်းနိုင်ငံတွေကြားမှာ အရှက်ရစရာ ကိစ္စဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို ပြသရာလည်း ရောက်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားတဲ့ ဗိုလ်ကြီးညီသုတက သုံးသပ်ပါတယ်။

၂၀၂၃ ခုနှစ် နို၀င်ဘာကနေ  ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်အထိ ချင်းပြည်နယ် ဖလမ်းနဲ့ ပလက်ဝဒေသ စစ်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် အယောက်  ၆၉၀ ကျော်ရှိခဲ့ပြီး အိန္ဒိယအစိုးရ  စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲအပ်ခဲ့ပါတယ်။

အဲဒီအပြင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းမှာလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တရုတ်အစိုးရက မူဆယ်နယ်စပ်ကနေတဆင့် ပြန်လည်ပေးပို့ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013