DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် ဧရာဝတီလင်းပိုင်မျိုးစိတ် ၁ ကောင် သေဆုံး
DVB
·
March 20, 2024
ကျောက်ဖြူတွင် ဧရာဝတီလင်းပိုင်မျိုးစိတ် ၁ ကောင် သေဆုံး
Donate to DVB

မျိုးတုံးတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်ရေ ၇၀ လောက်သာ ကျန်တော့တဲ့ ဧရာဝတီလင်းပိုင်မျိုးစိတ်တကောင် ထပ်မံသေဆုံးသွားတယ်လို့ မျိုးစိတ်တွေ ထိန်းသိမ်းရေးနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းအဖွဲ့တခုဖြစ်တဲ့ Native Species Conservation & Identification-NSCI အဖွဲ့က ပြောပါတယ်။

မတ် ၁၇ ရက်က ကျောက်ဖြူမြို့နယ် တနေရာမှာ ပိုက်ကွန်နဲ့ငြိပြီး သေဆုံးတာလို့ NSCI အဖွဲ့ တာဝန်ရှိသူ ကိုဝင်းပိုင်ဦးက DVB ကို ပြောပါတယ်။

“သေတဲ့ရက်ကတော့ ကျနော်တို့ အတိအကျမသိရဘူး။ အလောင်းတွေ့တာကတော့ ၁၇ ရက်နေ့ကပါ။ ပိုက်ကွန်နဲ့ငြိပြီး သေဆုံးတာလို့ ယူဆရပါတယ်။ ခန့်မှန်းခြေ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ ဧရာဝတီလင်းပိုင် သေဆုံးမှုက ၁၀ ကောင်ကနေ ၁၅ ကောင် အကောင် ၂၀ အထိ ရှိခဲ့ပါတယ်။”

လက်ရှိမှာ မြန်မာကမ်းရိုးတန်းဒေသနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ဧရာဝတီလင်းပိုင် တွေ့ရတဲ့ နေရာတွေမှာ အကောင်ရေ ၇၀ ခန့်သာ ရှိတော့တာကြောင့် ထိန်းသိမ်းဖို့ လိုအပ်နေပြီး သောင်တင်လာပါက အမြန်ဆုံး ရေထဲကို ပြန်ပို့ပေးဖို့ လိုအပ်တယ်လို့ ကိုဝင်းပိုင်ဦးက ဆက်ပြောပါတယ်။

“ဧရာဝတီလင်းပိုင်မှ မဟုတ်ဘူးပေါ့နော်၊ တခြားလင်းပိုင်ပဲဖြစ်ဖြစ် သောင်တင်လာတာ တွေ့ခဲ့ရင် အမြန်ဆုံး ရေထဲပြန်လွှတ်ပေးရပါမယ်။ လွှတ်ပေးတဲ့အခါမှာလည်း သူတို့အတွက် အသက်သာဆုံး နည်းလမ်းတွေကို ရွေးချယ်ရပါမယ်။ ရေယပ်တွေကနေ မတာ မလုပ်ရဘူး၊ အမြီးတွေ ခေါင်းတွေကနေ ဆွဲတာမျိုးတွေ မလုပ်ရဘူး၊ ပိတ်စလို နူးညံ့တဲ့ အဝတ်တွေရဲ့ လူနာသယ်သလို တဖက်တချက်က လူတွေသယ်ပြီး ပြန်လွှတ်ပေးတာမျိုးကတော့ အကောင်းဆုံးပါပဲ။”

ပြီးခဲ့တဲ့ မတ် ၁၃ ရက် မနက် ၁၁ နာရီလောက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာရှိတဲ့ မော်တင်စွန်းစေတီအနီး ငွေတောင်ကမ်းခြေမှာ ရှားပါးလင်းပိုင် ၂၅ ကောင်လောက် သောင်တင်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာ၀တီလင်းပိုင်တွေဟာ သန့်ရှင်းတဲ့ ရေအရင်းမြစ်ရရှိဖို့ကို ကူညီပေးနေပြီး အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသမှာရှိတဲ့ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်၊ မဲခေါင်မြစ်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်က မဟာခန်မြစ်ကြီးထဲမှာ တွေ့ရလေ့ရှိပါတယ်။ 

ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေး နားလည်မှု စာချွန်လွှာ ၂၀၀၇ အရ ဧရာ၀တီလင်းပိုင်တွေဟာ မျိုးတုံးမဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရတာပါ။

ဓာတ်ပုံ - NSCI and WWF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013