DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မရန်းပင်
DVB
·
March 20, 2024
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မရန်းပင်
Donate to DVB

အာဏာရှင် နေစောင်းချိန်၊ တော်လှန်ရေးရေစီး ဒီခရီး နေခြည်ဖြာသန်း လက်တကမ်းဆီ ရောက်လာနေပြီ။ အားတင်းမာန်ခဲ လက်တွဲညီရင်း တလှမ်းချင်း ချီတက်ရုန်းကန်ကြဆဲ နွေဦးတော်လှန်ပြည်သူ တယောက်ချင်းစီကို အလေးပြု ဦးညွှတ်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။ လက်လှမ်းမီဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့ တသွေးတသားတည်း ရပ်တည်ပါဝင်ဆဲ ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါတယ်။

ဒီတပတ်တော့ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မရန်းပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ တင်ပြသွားမှာ ဖြစ်ပါတယ်။

မရန်းပင်ကို သိပ္ပံလို Bouea macrophylla လို့ခေါ်ပြီး အင်္ဂလိပ်လို marian plum, gandaria, plum mango နဲ့ mango plum စသဖြင့် ခေါ်ကြပါတယ်။

မရန်းပင်မှာ flavonoid, tannin, polyphenolic ဓာတ်ပေါင်းများ၊ ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ ဘီတာ-ကာရိုတင်း ကြွယ်ပြီး ပရိုတင်း၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ သိုင်ယာမင်း၊ riboflavin, နိုင်ယာစင်နဲ့ ဗီတာမင် သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။

မရန်းသီးအစေ့မှာ polyphenol ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အိုမင်းခြင်းကို နှေးကွေးစေခြင်းနဲ့ ကင်ဆာဆန့်ကျင် အာနိသင်များ ပါဝင်ပါတယ်။

မရန်းသီးမှာ ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်းနဲ့ ရေဓာတ် ပါဝင်မှုကြောင့် အရေပြားကို အာဟာရဖြစ်စေတဲ့ ကော်လာဂျင်တစ်ရှူးများ ဖွဲ့စည်းရာမှာ အထောက်အကူ ဖြစ်စေတဲ့အပြင် အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အတွက် အသားအရေ ကျန်းမာရေးကို စိုပြည် ချောမွတ် လှပတင့်တယ်စေပါတယ်။

မရန်းသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ပရိုတင်းဓာတ်များက ဇီဝဖြစ်ပျက်မှုကို ကူညီပေးပြီး ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်းများ ပြန်လည်ဖြစ်ပေါ်ခြင်းကို လှုံ့ဆော်ပေးတဲ့အတွက် ကိုယ်တွင်းအနာများကို အမြန်ကျက်စေပါတယ်။

မရန်းသီးမှာ သံဓာတ်ပါဝင်တဲ့ ရေဓာတ်များက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ကူးစက်နိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးမွှားများကို ခုခံနိုင်ပါတယ်။

မရန်းသီးမှာ ရေနဲ့ အမျှင်ဓာတ် ပါဝင်မှု များတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။မရန်းသီးဟာ ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွားဖုံးသွေးယိုတာနဲ့ ခံတွင်းမှက္ခရုများကို သက်သာ ပျောက်ကင်းစေပါတယ်။

မရန်းသီးဖျော်ရည်ဟာ ရေဓာတ်ကို ပံ့ပိုးပေးတဲ့အတွက် သွေးလည်ပတ်မှုကို ပိုမိုချောမွေ့စေပြီး ဦးနှောက်လုပ်ငန်းဆောင်တာများကိုလည်း ကောင်းမွန်စွာ ထိန်းညှိပေးနိုင်တဲ့အပြင် အဆုတ်လုပ်ဆောင်ချက်ကို ထိန်းသိမ်းရာမှာ ကောင်းမွန်တဲ့ အာဟာရတခုလည်း ဖြစ်ပါတယ်။ ကိုယ်တွင်းအညစ်အကြေးများနဲ့ အဆိပ်အတောက်များကို သန့်စင်ပေးပြီး ဆဲလ် အဆိပ်အတောက်များကို လျှော့ချရာမှာ ကူညီပေးပါတယ်။

မရန်းသီးဟာ ရေနဲ့ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့အတွက် အစာလမ်းကြောင်း စုပ်ယူမှု လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့ မြန်ဆန်စေပြီး ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ခက်ခဲခြင်းကို ပျောက်ကင်းစေပါတယ်။

မရန်းသီး စားသောက်ခြင်းဟာ သွေးတွင်းအဆီကို ကျစေပြီး သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းများကို ကြိုတင် ဟန့်တားနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း အထောက်အကူပြုတဲ့အပြင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

မရန်းသီးမှာ ဘီတာ ကာရိုတင်း ပါဝင်တဲ့အတွက် မျက်စိကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။

မရန်းသီးမှာ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်များ ပါဝင်တဲ့အတွက် အရိုးများဖွဲ့စည်းခြင်း လုပ်ငန်းစဉ်မှာ အထောက်အကူပြုပြီး အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။

မရန်းသီးမှာ ဗီတာမင်စီ ကြွယ်ဝတာကြောင့် အအေးမိ ဖျားနာခြင်းမှ ကာကွယ်ပေးပြီး အအေးမိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

မရန်းရွက်မှာ အိုမင်းခြင်းကို ဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တာကြောင့် မရန်းရွက်ကို ရေနွေးကြမ်းပြုလုပ် သောက်ပေးခြင်းဖြင့် အရေးအကြောင်းများကို တိုက်ဖျက်ပေးပြီး အသားအရေ တင်းရင်းစေတဲ့အပြင် အရေပြားကို စိုစွတ်စေပြီး ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြား နာတာရှည် ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

မရန်းပင်အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက် တနေ့ ၂-၃ ကြိမ် သောက်ခြင်းဖြင့် တုပ်ကွေးရောဂါကို ပျောက်ကင်းစေပါတယ်။

ကင်ဆာရောဂါနဲ့ ကင်ဆာရောဂါ ကုသမှုကြောင့် ဓာတ်ရောင်ခြည်နဲ့ ကီမိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဝေဒနာများအတွက် မရန်းစေ့ကို ရေနွေးကြမ်းပြုလုပ်ပြီး ဖြစ်စေ၊ အမှုန့် ကော်ဖီ ၁ ဇွန်းဖြစ်စေ ‌တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အဖုအကျိတ်နဲ့ ကင်ဆာဆဲလ် ကြီးထွား ပျံ့နှံ့မှုကိုလည်း ဟန့်တားပေးပါတယ်။

မရန်းသီး စားသောက်နိုင်တဲ့ ပမာဏမှာ တနေ့ ၃-၅ လုံး၊ မရန်းသီးဖျော်ရည် ၁ ခွက် ဖြစ်ပါတယ်။

မရန်းသီးမှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ မရန်းသီး အလွန်အကျွံ စားသုံးမယ်ဆိုရင် ဝမ်းပျက် ဝမ်းလျေှာခြင်း၊ လေထိုးလေအောင့်ခြင်း၊ ပျို့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မရန်းသီးနဲ့ ဓာတ်မတည့်သူများ မရန်းပင်ထွက် ပစ္စည်းများ စားသုံးခြင်းကို ရှောင်ကြဥ်ပါ။

မရန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအာနိသင်များကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူပြန်ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013