DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးဒေသခံ ၁ ဦးသေဆုံး၊ ကောလင်း မြေနီရွာမီးရှို့ ခံရပြီး အရပ်သား ၃ ဦး သေဆုံး
DVB
·
March 20, 2024
စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးဒေသခံ ၁ ဦးသေဆုံး၊ ကောလင်း မြေနီရွာမီးရှို့ ခံရပြီး အရပ်သား ၃ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားအုပ်စုထဲက ရှားဖိုရွာမှာ မတ် ၁၉ ရက် မနက်က ဒရုန်းနဲ့ ဗုံးချမှုကြောင့် ရှားဖိုရွားသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ကမ္ဘနီဂိတ်ကနေ ရှားဖိုရွာဘက်ကို ဒရုန်းလွှတ်ခဲ့ပြီး မင်းလှတောတိုက်ဘက်မှာ ပဲနှယ်‌(သိမ်း)နေတဲ့ ဒေသခံတွေပေါ်ကို ပစ်ချခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒရုန်းဗုံးဟာ မင်းလှတောတိုက်မှာ ပဲနှယ်(သိမ်း)နေတဲ့ ရှားဖိုရွာက အသက် ၂၈ နှစ်အရွယ် ကိုကျော်လင်းနိုင်ရဲ့ ဦးခေါင်းပေါ်ကို တည့်တည့်ကျသွားခဲ့တာလို့ ရှားဖိုရွာသားတဦးက ပြောပါတယ်။

“သူတို့က ပဲနှယ်(သိမ်း)နေတာ ငါးယောက်လောက်။ ပဲနှယ်(သိမ်း)နေတာဆိုတော့ သိတဲ့အတိုင်း စက်သံက ဆူလို့လေ။ ဒရုန်းလာမှန်းလည်း မသိကြဘူး။ ရုတ်တရက် ဒရုန်းက ကျော်လင်းနိုင် ခေါင်းပေါ် ကျခဲ့တာ။ ဒရုန်းက မပေါက်ကွဲဘူး။ ဒီတိုင်း သူ့ခေါင်းပေါ်ပဲ ကျသွားတာ။ အဲ့ဒါ သူ့ခေါင်းက ဦး‌နှောက်တွေ ထွက်သွားတာ။ ဖြစ်ဖြစ်ချင်း ဆေးရုံသွားကြသေးတယ်။ ဆေးရုံရောက်တာနဲ့ တန်းပြီး အသက်ထွက်သွားတာ။ တခြား ပဲနှယ်(သိမ်း) နေတဲ့လူတွေလည်း တယောက်မှ ဒ‌ဏ်ရာမရကြဘူး။”

ဒရုန်းဗုံးကြောင့် သေဆုံးသွားတဲ့ ကိုကျော်လင်းနိုင်ရဲ့ ရုပ်အလောင်းကို မတ် ၁၉ ရက်မှာပဲ နေ့ချင်း သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။

အခုဒရုန်းဟာ စစ်ကောင်စီရဲ့ဒရုန်း‌ ဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာ ပြောဆိုနေကြပေမဲ့ DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်ဘက်က‌တော့ ဒါက စစ်ကောင်စီရဲ့ ဒရုန်းဖြစ်ပြီး မိမိတို့ တော်လှန်ရေးတပ်တွေကတော့ အရပ်သားတွေ ထိခိုက်နစ်နာအောင် မလုပ်ဘူးလို့ DVB ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မြေနီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution-KR အဖွဲ့ထံက သိရပါတယ်။

မတ် ၁၈ ရက် ည ၈ နာရီခွဲမှာ ဝန်းသို ခမရ-၁၂၀ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကောလင်းမြို့ပေါ်က စစ်ကြောင်းက မြေနီကျေးရွာကို မီးရှို့ခဲ့တာပါ။

မီးရှို့ခံရမှုကြောင့် မြေနီရွာ တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး ရွာခံ အသက် ၅၀ ဝန်းကျင် အရွယ် ဦးစိုးသိန်းနဲ့ အမျိုးသမီးနှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးစိုးသိန်းရဲ့ အလောင်းကိုသာ ကောက်ယူခဲ့ရပြီး အမျိုးသမီးနှစ်ယောက်ရဲ့ အလောင်းကို ကောက်မရသေးတဲ့အတွက် သေဆုံးသူတွေရဲ့ အမည်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

KR အဖွဲ့ တာဝန်ရှိသူက “မြေနီက ကောလင်းအရှေ့ဘက် နှစ်မိုင်ခန့်အကွာမှာ ရှိတာပါဗျ။ အမျိုးသမီးနှစ်ဦးက အခုထိ အလောင်းကောက်လို့ မရသေးပါဘူးဗျ။ ကျားတဦးကတော့ Body ပြန်ရခဲ့ပါပြီ။ အမျိုးသမီးနှစ်ဦးကတော့ Body မရသေးတော့ အတည်မပြုနိုင်သေးပါဘူး။ မြို့ထဲက စစ်ရှောင်လာတဲ့သူလည်း ဖြစ်နိုင်တာမို့ပါ” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက မြေနီရွာ၊ ဆည်တိုရွာနဲ့ ညောင်ကိုင်းရွာတို့မှာ တပ်ဖြန့်ထားပြီး ကောလင်းမြို့ထဲ တပ်ပြန်ခေါက်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013