DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် အခက်တွေ့
DVB
·
March 20, 2024
ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ အမျိုးသမီးတွေဟာ လစဥ်သုံးပစ္စည်းတွေ ပြတ်လပ်တာ၊ ဈေးကွက်ထဲမှာ ဝယ်ယူလို့ မရတာတွေကြောင့် ကျန်းမာရေး အဆင်မပြေတာတွေအပြင် တခြားအခက်အခဲတွေနဲ့ပါ ကြုံနေရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရခိုင် တကျော့ပြန်စစ်ပွဲတွေကြောင့် မြို့၊ ကျေးရွာတွေကနေ ဘေးလွတ်ရာကို စစ်ရှောင်လာကြတဲ့ ပြည်သူတွေဟာ တိုက်ပွဲကာလ ငါးလနီးပါး ကြာမြင့်လာတာနဲ့အမျှ အရင်းအမြစ် နည်းပါးမှုတွေနဲ့ ကြုံတွေ့နေရပြီး စျေးကွက်ထဲမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လုံးဝ ဝယ်ယူလို့မရနိုင်တော့ဘူးလို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“တိုက်ပွဲကာလက ကြာလာတော့ အရင်းအမြစ်တွေက နည်းသထက် နည်းလာတယ်။ စစ်ဘေးရှောင် အမျိုးသမီးတွေမှာဆို လစဥ်သုံးပစ္စည်းတွေ ဝယ်လို့မရတော့ဘူး။ မြို့တွေကို အရင်တုန်းကဆို ပစ္စည်းဝယ်ဖို့အတွက် အခြေအနေကြည့်ပြီး သွားလာလို့ရသေးတယ်။ အခုက ရှိသမျှအရင်းအမြစ်တွေက နည်းလာတယ်။ စစ်ရှောင်တွေက များလာတော့ ဘယ်လိုမှ လိုက်လို့မမီဘူး။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေပါ အရင်းအမြစ်တွေပါ အများကြီး လိုအပ်နေတယ်။”

လက်ရှိမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ မလုံလောက်မှုတွေအပြင် စျေးကွက်ထဲမှာ ဝယ်ယူလို့ မရတာတွေကြောင့် စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အဝတ်စကို ချုပ်ပြီးတော့ လစဥ်သုံးပစ္စည်းအဖြစ်နဲ့ သုံးနေရတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတဦးက “အဝတ်စကိုချုပ်ပြီးတော့ လစဥ်သုံးပစ္စည်းအဖြစ်နဲ့ သုံးနေရတယ်။ ပုံမှန် ပတ်သုံးတာလောက်တာတော့ ကျန်းမာရေးအရ ဘယ်အဆင်ပြေပါ့မလဲ။ အဝတ်စမှာက ပိုးတွေပါလား မပါလားလည်း မသိရဘူး။ ပိုးသတ်ပြီးသားလည်း မဟုတ်တော့ သားအိမ်တွေအပြင် တခြား အမျိုးသမီးကျန်းမာရေးတွေပါ ထိခိုက်တယ်။ မရှိတော့လည်း ရှိတာကို လုပ်ပြီး သုံးနေရတာပါပဲ။ ကူညီကယ်ဆယ်ရေးရရင်တော့ အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ စစ်ပွဲတွေကြောင့် စုစုပေါင်း စစ်ဘေးရှောင်သူ ၄၀၀,၀၀၀ နီးပါး ရှိပြီးတော့ ဒီအထဲက ထက်ဝက်ကျော်လောက်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အများစုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ဘေးရှောင်တွေ အပါအဝင် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အများစုဟာ နေရပ်ကို မပြန်နိုင်သေးပါဘူး။

ရမ်းဗြဲမြို့နယ်မှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက “စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် လုံလောက်တဲ့ အိမ်သာတွေမရှိတာ၊ ရေချိုးမယ့်နေရာတွေ မရှိတာအပြင် လစဥ်သုံးပစ္စည်း လုံလောက်မှုမရှိတဲ့ ပြဿနာကို ကျနော်တို့ အရေးပေါ်ပြဿနာတွေအဖြစ် ဖြေရှင်းနေရတယ်။ ပြည်ပအဖွဲ့အစည်းတွေရော၊ ပြည်တွင်းအဖွဲ့အစည်းတွေပါ ကူညီခွင့်ကို ကန့်သတ်ခံထားရတော့ ငွေကြေးအရင်းအမြစ်အပြင် တခြား ပစ္စည်းလိုအပ်ချက်တွေ အများကြီးရှိနေတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးစေလိုပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် အပါအဝင် ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာခွင့်တွေ အပါအဝင် ဖုန်း၊ အင်တာနက်လိုင်းတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအားလုံးကို ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က နေရာတိုင်းမှာ စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ပါ ဆက်တိုက်ကြုံတွေ့နေရတာကြောင့် အရပ်ဘက်ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေကာ အရပ်သားသေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှု အရေအတွက် မြင့်တက်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရာဇာဝတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် အရပ်သားတွေအပေါ်မှာ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် အခက်တွေ့