
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်အာဏာရှင်တပ်ဟာ လယ်ယာ လုပ်ငန်းခွင်တွေအထိ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားတွေ ကြောက်လန့်ထွက်ပြေး နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ထဲက ကျေးရွာတွေမှာ ဇွန် ၁၇ ရက် မနက်ပိုင်းကစပြီး စစ်အာဏာရှင်တပ်က အင်အား ၅၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ငရုတ်ကောင်းမြို့ ဒေသခံတယောက်က “စစ်တပ်က လုပ်ငန်းခွင်တွေထဲအထိ စစ်ကြောင်းလာထိုး နေတာ။ အုန်းခြံတွေထဲ၊ စပါးခင်းတွေထဲ မနေ့ကရောက်လာပြီး ရမ်းသန်းပစ်ခတ်နေတာ။ ဘယ်သူမှ အလုပ် မလုပ်ရဲဘူး။ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
ငရုတ်ကောင်းမြို့က နံသာပု၊ မိုးတိမ်ပြင်၊ သဲဖြူစတဲ့ ကျေးရွာတွေထဲက စိုက်ပျိုးရေးလုပ်ငန်း အုန်းခြံတွေထဲမှာ ယာယီစခန်းချတာ၊ အရပ်သားတွေကိုတွေ့ရင် စစ်ဆေးမေးမြန်းတာတွေလည်း လုပ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်တပ်က စစ်ဆင်ရေးကျယ်ပြန့်လာမှာ စိုးရိမ်ပြီး အခုလို စစ်ကြောင်းထိုးနေတာ။ ရွှေသောင်ယံဘက်မှာ ဇွန်လပထမအပတ်က တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်” လို့ပြောပါတယ်။
ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်ထဲက တပ်သားတွေကလည်း ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရေလမ်းမှာပါ စစ်ဆေးတင်းကျပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီကမ်းခြေပတ်လမ်းအနီးမှာလည်း စစ်တပ် အထိုင်ချ တပ်စွဲထားသလို ကင်းပုန်းဝပ်စောင့်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










