
နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံသား စိစစ်ရေး မှတ်ပုံတင်ကတ်ပြားတွေ တရားမဝင် ထုတ်ပေးနေတဲ့ ကွန်ရက်တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ကတိပြုလိုက်ပြီး ဝန်ထမ်းတွေကိုလည်း ဥပဒေ မချိုးဖောက်ကြဖို့ သတိပေးလိုက်ပါတယ်။
ဒီလိုအမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေဟာ လက်ရှိမှာ ဥပဒေအရ အရေးယူခံနေရပြီဖြစ်ကြောင်း အနုထင်းက ဩဂုတ် ၁၀ ရက်မှာ ပြောကြားခဲ့ပြီး အမှုပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ချင်းမိုင်မြို့က ခရိုင်အရာရှိဟောင်း တယောက်ရဲ့ အမှုကိုလည်း ကိုးကား ပြောဆိုခဲ့ပါတယ်။
အပြစ်ဒဏ်တွေ အားလုံး ပေါင်းလိုက်ရင် ထောင်ဒဏ် စုစုပေါင်း နှစ်ပေါင်း ၄၀၀ ကျော်အထိ ကျခံရနိုင်တယ်လို့ သူက ပြောပါတယ်။
ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ တာဝန်တွေကို ရိုးရိုးသားသား ထမ်းဆောင်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပြီး တရားမဝင် မှတ်ပုံတင်ကတ်ပြားထုတ်ပေးမှုမှာ ပါဝင်ပတ်သက်သူတွေကို ပြစ်ဒဏ်တွေက အလွန် ကြီးမားတယ်လို့ သတိပေးခဲ့တာပါ။
ထိုင်းနိုင်ငံမှာ တောင်ပေါ်သားကတ်လို့ ခေါ်တဲ့ ၁၀ နှစ်နေထိုင်ခွင့်လက်မှတ်အတုတွေ လုပ်မှုနဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက်တို့ကို ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
မဲဆောက်ခရိုင် လက်ထောက်မှတ်ပုံတင်အရာရှိဟောင်းက မှတ်ပုံတင်တခုကို ဘတ် ၄၀,၀၀၀ ကနေ ၁ သိန်းအထိယူပြီး လူ ၇၀၀ ကျော်ကို ထုတ်ပေးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က မဲဆောက်မြို့နယ် စည်ပင်သာယာရုံးမှာ မသမာတဲ့နည်းနဲ့ လူပေါင်း ၂၀၀ ကျော်ကို ၁၀ နှစ်ခံ မှတ်ပုံတင်ကတ် (နိုင်ငံမဲ့သူများကတ်) ထုတ်ပေးကြောင်း တိုင်ကြားစာရရှိထားသလို ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကျေးဆဒ်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ၁၀ နှစ်ခံကတ်အတု ကိုင်ဆောင်သူတွေဟာလည်း တာ့ခ်ခရိုင် မဲဆောက်ဘက်ကနေ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ထိုင်း ပြည်ထဲရေး ဒုဝန်ကြီး နိုင်းဂျက်ဆေ(က်) ထိုင်းဆစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနက ၁၀ နှစ်ခံကတ် ရသွားသူတွေရဲ့ လက်ဗွေရာတွေ ပြန်စစ်ရာမှာ တချို့က မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတယ်၊ တချို့က နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်လာတယ်၊ ဒါကြောင့် မှတ်ပုံတင်ဌာန အစိုးရဝန်ထမ်းနဲ့တကွ ပါဝင်ပတ်သက်သူပေါင်း ၁၇ ယောက်ကို တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ထားသူ ၁၇ ယောက်မှာ မဲဆောက်စည်ပင်သာယာရုံးမှ မှတ်ပုံတင်အရာရှိ ၁ ယောက်၊ မှတ်ပုံတင်ဌာန အစိုးရဝန်ထမ်း ၁ ယောက်၊ နေ့စားဝန်ထမ်း အမျိုးသမီး ၁ ယောက်၊ သက်သေအဖြစ် လက်မှတ်ထိုးပေးတဲ့ အိမ်ထောင်စုစာရင်းပိုင်ရှင် ၂ ယောက်၊ ၁၀ နှစ်ခံကတ်ကို လာဘ်ထိုးပြီး ရယူခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်တို့ ပါဝင်ပါတယ်။
အဲဒီထဲက မဲဆောက်မှတ်ပုံတင်အရာရှိ ၁ ယောက်၊ နေ့စားဝန်ထမ်း ၁ ယောက်၊ အိမ်ထောင်စု စာရင်းပိုင်ရှင် ၂ ယောက်နဲ့ လက်မှတ်တုကိုင်ဆောင်သူ မြန်မာ ၇ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းမှတ်ပုံတင်ဝန်ထမ်း ၁ ယောက်ကတော့ တဘက်နိုင်ငံက ကရင်နယ်ခြားစောင့်တပ် BGF ဆီ ထွက်ပြေးခိုလှုံသွားကြောင်း သတင်းရထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းတွေကို တာဝန်ဝတ္တရား အလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတာဝန်လစ်ဟင်းမှု၊ အစိုးရဌာနဆိုင်ရာ စာရွက်စာတမ်းတုပမှု၊ ကွန်ပျူတာဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုလည်း လက်မှတ်အတုကိုင်ဆောင်မှု၊ ဌာနဆိုင်ရာ ဝန်ထမ်းအား လာဘ်ထိုးမှုတွေနဲ့ အရေးယူသွားမယ်၊ ကျန်ရှိ ဝရမ်းပြေးနဲ့ မသမာမှုနဲ့ ရထားတဲ့ လက်မှတ်တွေကို ပြန်လည်စစ်ဆေးမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ၁၀ နှစ်ခံကတ်ပြားမှာ နိုင်ငံမဲ့သူတွေ၊ အထောက်အထားမဲ့ တောင်ပေါ်သားတွေအတွက် ထုတ်ပေးထားတာဖြစ်ပြီး ၁၀ နှစ်တကြိမ် သက်တမ်းတိုးနေထိုင်ရတာ ဖြစ်ပါတယ်။










