
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နှစ်ခုစလုံးကို အပြန်အလှန် အားဖြည့်ပေးတဲ့မူဘောင်အဖြစ် လက်တွေ့ အကောင် အထည်ဖော်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။
ဒီမူဘောင်တွေကို မြန်မာပြည်သူတွေအတွက် အဓိပ္ပာယ်ရှိတဲ့တိုးတက်မှုနဲ့ စစ်အုပ်စုအပေါ် စစ်မှန်တဲ့ ဖိအားတွေအဖြစ် ပြောင်းလဲဖို့၊ အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက် ပျက်ကွက် နေတဲ့ စစ်အုပ်စုအပေါ် ထိတွေ့ဆက်ဆံမှုမလုပ်ဖို့လည်း တိုက်တွန်းပါတယ်။
လက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် SCEF က အာဆီယံဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်ထံ ဇူလိုင် ၂၁ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းလိုက်တာပါ။
အာဆီယံအနေနဲ့ မြန်မာ့အရေး ထိတွေ့ချဉ်းကပ်ရမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ခြင်း၊ အကူအညီ လိုအပ်နေသူ တွေထံလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိ ထိရောက်စွာ ပေးအပ် ခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးခြင်းစတဲ့ တိုင်းတာနိုင်တဲ့ ရလဒ်တွေနဲ့ အကဲဖြတ်ဖို့လည်း အကြံပြုပါတယ်။
(၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ အာဆီယံအတွက် စုပေါင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ရေရှည် တည်တံ့ ကတိကဝတ်တွေအပြင် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆန္ဒနဲ့ မျှော်လင့်ချက် တွေ အပေါ်ကတိကဝတ်ကို ပြန်လည်အတည်ပြုဖို့ အရေးကြီးတဲ့ အခွင့်အရေးတခုဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာဖော်ပြပါတယ်။
လက်ရှိ အစည်းအဝေးကျင်းပနေချိန်ဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အာဆီယံရဲ့ အများယုံကြည်စိတ်ချရမှုအတွက်ပါ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တယ် လို့လည်းဆိုပါတယ်။
SCEF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတရားဝင်မှုနဲ့ ထိရောက်တဲ့ စိုးမိုးထိန်းချုပ်မှုကို အခိုင်မာဆုံးရရှိထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခု တည်ဆောက်ဖို့၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို လွယ်ကူချောမွေ့စေဖို့နဲ့ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ တည်ထောင်ထားတဲ့ မဟာမိတ်အခြေပြု ခေါင်းဆောင်မှု ယန္တရားတခု ဖြစ်တယ် လို့လည်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ဖို့ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နှစ်ခုစလုံးကို အာဏာသိမ်းပြီး ၅ နှစ် ကြာတဲ့အထိ စစ်အာဏာရှင်က အကောင်အထည်ဖော်တာမရှိဘဲ ပျက်ကွက်နေတာဖြစ်ပါတယ်။











