DVB Logo
Home
မြန်မာသတင်း
ခြံအမှတ် ၅၄ လေလံအမိန့်ကို ပြင်ဆင်ချက်တင်၊ ရောင်းချဝယ်ယူသူကို အရေးယူမည်
DVB
·
March 18, 2024
ခြံအမှတ် ၅၄ လေလံအမိန့်ကို ပြင်ဆင်ချက်တင်၊ ရောင်းချဝယ်ယူသူကို အရေးယူမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ် လေလံတင်ရောင်းချမိန့်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်တင်ဖို့ လုပ်ငန်းအဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်ဖို့ ရှေ့နေအဖွဲ့က ကြိုးစားနေပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ကျပ်သိန်းပေါင်း ၃ သိန်းကျော် (ဒေါ်လာသန်း ၉၀ ဝန်းကျင်) ကြမ်းခင်းဈေးနဲ့ မတ် ၂၀ ရက်မှာ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချထားတာပါ။

အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ၂၀၀၁ ခုနှစ်မှာ စပြီးအမှုဆိုင်ခဲ့တဲ့ အင်းလျားကန်ဘေးက အိမ်နဲ့ခြံ ပိုင်ဆိုင်ခွင့်မှာ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ရထိုက်ပြီး၊ ၂ ဧက အကျယ်ရှိတဲ့မြေကို မောင်နှမနှစ်ဦး ခွဲဝေယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်မှာ အမိန့်ချခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က အမှုမှာ အသာစီးရခဲ့ပါတယ်။

တရားနိုင်ကြောင်း အမိန့်ဒီကရီရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောတူ ဆုံးဖြတ်ချက် မပါဘဲ အိမ်ကို လေလံတင် ရောင်းချဖို့ ချမှတ်တဲ့အမိန့်ကို ပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က စစ်ကောင်စီတရားရုံးကို ပြင်ဆင်ချက်တင်သွင်းထားပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ဥပဒေမှာ လုပ်ထုံးလုပ်နည်း ရှိပါတယ်။ တရားမမှာ ဇာရီမှာ အဆင့်ဆင့်ရှိတယ်။ လေလံတင်တယ် ဆိုတိုင်းလည်း ပညတ်ဝရမ်းတွေ၊ ပညတ်မိန့်တွေ၊ လေလံဖိုးတွေ၊ ကြမ်းခင်းဈေးတင်တာတွေ၊ ဆင့်ကဲဆင့်ကဲ ကြမ်းခင်းဈေး လျှော့ချတာတွေ အမျိုးစုံရှိပါသေးတယ်”လို့ ပြောပါတယ်။

အမွေစားအမွေခံတရားမမှုမှာ တရားနိုင်ကြောင်း အမိန့်ရထားသူက အမိန့်ပါဖော်ပြချက်တွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တာ၊ လုပ်ပိုင်ခွင့်ပေးတာ၊ လက်ခံရယူတာ စသဖြင့် အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို အတည်ပြုဆုံးဖြတ်ရပြီး ဒီလိုအမှုတွေကို ဇာရီမှုလို့ ခေါ်ဆိုပါတယ်။

တရားရုံး ဆုံးဖြတ်ချက်အရ ခြံနေရာတဝက် ပိုင်ဆိုင်ခွင့်ရထားသူ ဦးအောင်ဆန်းဦးက သူ့ရဲ့ ခွဲတမ်းကို လက်ဝယ်ရအောင် ရောင်းချခွဲဝေဖို့ ၂၀၂၁ အောက်တိုဘာမှာ စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ပုဂ္ဂိုလ်ရေးလျှောက်လွှာစာ ပေးပို့ခဲ့ပြီးနောက်မှာ ပြည်ထောင်စုတရားလွှတ်တော်က လက်ခံကြားနာပြီး အခုလိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတာပါ။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ရှေ့နေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတော့ သူ့ဘက်က ဘာမှ မတင်ပြနိုင်ဘူး။ ရုံးကပဲ တဖက်သတ် လုပ်သွားတာ။ အဲဒါ ဘယ်ဥပဒေနဲ့ ညီမလဲ။ ရန်ငြိုးနဲ့ လုပ်ထားတာပေါ့။ ထောင်ကျပြီးတဲ့သူကို တွေ့ခွင့်ပေးရမယ်လေ။ ဒါလည်း ဥပဒေက သတ်မှတ်ပြီးသားပဲ။ အင်္ဂလိပ်ခေတ်ကတည်းက သတ်မှတ်ထားတာ ဒီနေ့အထိ လိုက်နာနေကြတာပဲ။ အောင်ဆန်းဦးက ဦးထွန်းထွန်းဦးဆီကို ပုဂ္ဂိုလ်ရေးစာ လျှောက်လွှာ မတင်ခင်ကတည်းက အမှန်က ဥပဒေက ကုန်နေတာ။ အဲဒါကို မင်းအောင်လှိုင်တို့က ပြန်ဖွင့်ပေးလိုက်တာ။ ဟိုမှာကို အထူးအယူခံက ကုန်နေပြီ။  နှစ်ပါးထိုင်က ပယ်လိုက်ပြီ။ ဂိတ်ဆုံးနေပြီ။ အဲဒါကို ပြန်ဖွင့်အောင်လို့ စကစ ကနေပြီးတော့ လုပ်လိုက်တာပေါ့။ အောင်ဆန်းဦး စာမတင်ခင်ကတည်းက ဂိတ်က ဆုံးနေပြီးသား။”

၂၀၁၆ တရားရုံးအမိန့်အရ ဒေါ်အောင်ဆန်းစုကြည်က အသာစီးရခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ အမွေဆိုင်အိမ်နဲ့ ခြံကို လေလံတင်ရောင်းချမယ်ဆိုရင်တောင် ကြမ်းခင်းဈေးကို ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကြမ်းခင်းဈေး သတ်မှတ်ခွင့်မ ပေးတာ၊ စစ်ကောင်စီလက်အောက်ခံ ကမာရွတ်ခရိုင် တရားရုံးက ပွင့်လင်းမြင်သာမှုမရှိဘဲ ကြမ်းခင်းဈေး သတ်မှတ်တာတွေဟာ ဥပဒေပြဋ္ဌာန်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “လွတ်လပ်ရေးသမိုင်းမှာ သမိုင်းဝင် အဆောက်အဦဖြစ်တယ်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ဖြစ်တယ်ဆိုတာ ကျနော်တို့ အစိုးရက တရားဝင်ကြေညာထားတဲ့ဟာ။ ဝယ်မယ့်သူရှိရင်လည်း ဝယ်မယ့်သူ သို့မဟုတ် အဖွဲ့အစည်း ဒီဟာတွေကတော့ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်တယ်။ တရားဥပဒေအရ အရေးယူမယ်။ ဒီဟာ တရားဝင်မှုလုံးဝမရှိဘူး။ ပိုင်ဆိုင်ခွင့်မရှိတဲ့သူက ရောင်းချလေလံတင်တဲ့ဟာကို ဝယ်တဲ့သူ ပြင်ဆင်တဲ့သူပဲ ဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် တရားဥပဒေအရ အရေးယူမယ်။ ပိုင်ဆိုင်ခွင့် လုံးဝမရှိဘူး။ တရားမဝင်ဘူး ဆိုတာ အတိအကျ ထပ်လောင်းပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို မတ် ၂၀ ရက်က လေလံတင်ရောင်းချဖို့ ကြေညာထားပြီး ဝယ်ချင်သူတွေက ကြမ်းခင်းဈေးနဲ့အညီ အပြိုင်ဝယ်ယူနိုင်ဖို့ လျှောက်ထားရတဲ့အဆင့်မှာ ရောက်နေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တရားရုံးက အမှုပေါင်း ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်မပေးတာ အချိန် ၁၅ လနီးပါး ကြာမြင့်နေပါပြီ။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013