DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သည့် အနီရောင်အဆင့်ရောက်နေ
DVB
·
March 18, 2024
ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သည့် အနီရောင်အဆင့်ရောက်နေ
Donate to DVB

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အနီရောင်အဆင့် ရောက်နေပြီး လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့လေထုအရည်အသွေးကို တိုင်းတာထုတ်ပြန်နေတဲ့ IQAir အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့က ထိုင်းသံရုံး၊ အမေရိကန်သံရုံး အပါအဝင် နေရာ ၅ ခုမှာရှိတဲ့ လေထုအရည်အသွေး စစ်ဆေးစက်တွေကနေ အချက်အလက်ကို ရယူထားတာဖြစ်ပြီး ဒီနေ့ မတ် ၁၈ ရက် အညွှန်းကိန်းကတော့ ၁၆၀ ဖြစ်တာကြောင့် အရင်နေ့တွေထက် ပိုမြင့်တက်လာပြီး နာရီပိုင်းအတွင်း ပိုမြင့်လာတာကိုလည်း တွေ့ရပါတယ်။

ဒီနေ့တိုင်းတာချက်အရ ရန်ကုန်ရဲ့လေထုမှာ PM 2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အမှုန်) ဟာ ပျမ်းမျှ ၇၀ ဒသမ ၆ μg/m³ ရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်စံညွှန်းထက် ၁၄ ဆ ပိုများနေတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ လေထုအရည်အသွေး မှတ်တမ်းတွေအရ ရန်ကုန်မှာ PM 2.5 ဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် ၃၁ μg/m³ ရှိနေတာကြောင့် ‘အလယ်အလတ်’ အဆင့်သတ်မှတ်ချက်ရဲ့ အမြင့်ဆုံးအဆင့်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး လူငယ် ၁၀ ဦးပါဝင်တဲ့ Air Quality Yangon (AQI) အဖွဲ့က ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တိုင်းတာထုတ်ပြန်ပေးခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ရန်ကုန်ရဲ့ လေထုဟာ ကျန်းမာရေး ထိခိုက်ဆိုးရွားစေတဲ့အဆင့်ကို ရောက်နေခဲ့ပါတယ်။

လေထုတိုင်းထွာရေး အဖွဲ့ဝင်တယောက်ဖြစ်တဲ့ မသဲစုစုထွန်းက “အဓိကကတော့ လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်းကို အဓိထား တိုင်းတာပါတယ်။ အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲရှိတော့ ဂရုမထားမိဘဲ ရှူရှိုက်ကြတယ်” လို့ DVB ကို ပြောဆိုခဲ့ပါတယ်။

လေထုအရည်အသွေး အဆင့်သတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

၀ ကနေ ၅၀ အထိမှာ အကောင်းဆုံးဖြစ်ပြီး ၅၁ ကနေ ၁၀၀ အထိကတော့ သင့်တော်တဲ့အဆင့် ဖြစ်ပါတယ်။ အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေး မထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

IQAir အဖွဲ့ကတော့ ရန်ကုန်မှာ လေထုညစ်ညမ်းတဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး တခုကတော့ ကားတွေ၊ ဆိုင်ကယ်တွေဟာ အရည်အသွေးနိမ့်တဲ့ လောင်စာဆီတွေ သုံးစွဲမောင်းနှင်ကြတာ၊ ဒီဇယ်အသုံးပြုတဲ့ကားတွေ မောင်းနှင်တာ၊ အင်ဂျင်သက်တမ်းနဲ့ ပတ်သက်ပြီး စည်းကမ်းမတင်းကျပ်တာတွေဖြစ်ပြီး အမှိုက်နဲ့ အော်ဂဲနစ် စွန့်ပစ်ပစ္စည်းတွေကို မီးရှို့တာနဲ့ သီးနှံစိုက်ခင်းတွေ မီးရှို့တာ၊ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ လမ်းပြုပြင်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ရဲ့လေထုဟာ အောက်တိုဘာလကနေ နောက်နှစ် မေလအထိဟာ အညစ်ညမ်းဆုံးဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လတို့ဟာလည်း အညစ်ညမ်းဆုံးစာရင်း ဝင်တယ်လို့ ဆိုပါတယ်။

ဒီနေ့အတွက် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကတော့ ပါကစ္စတန်နိုင်ငံ၊ လာဟိုရ်မြို့ဖြစ်ပြီး အညွှန်းကိန်း ၂၁၆၊ ဒုတိယက အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ဖြစ်ပြီး အညွှန်းကိန်း ၂၁၁ ရှိပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အညွှန်းကိန်း ၁၉၂၊ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့က အညွှန်းကိန်း ၁၇၈၊ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့နဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ဒက္ကာမြို့က အညွှန်းကိန်း ၁၆၉ ရှိနေပါတယ်။လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၇ သန်း သေဆုံးနေကြရတယ်လို့ IQAir အဖွဲ့က ဆိုပြီး လက်ရှိမှာ ကမ္ဘာ့လေထုအသန့်ရှင်းဆုံးမြို့ကတော့ ဆွီဒင်နိုင်ငံရဲ့မြို့တော် စတော့ဟုမ်းမြို့ ဖြစ်ပါတယ်။

Photo-IQAir

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013