DVB Logo
Home
Lead Story
ဒူဝါကြီးတို့၏ထိုးစစ် အရေးပါလာရသည့် အကြောင်း ငါးရပ်
DVB
·
March 18, 2024
ဒူဝါကြီးတို့၏ထိုးစစ် အရေးပါလာရသည့် အကြောင်း ငါးရပ်
Donate to DVB

ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက RFA မှာ ယခုလို ထောက်ပြ ရေးသားလာခဲ့သည်။

ကချင်လွတ်‌လပ်ရေးတပ်တော် (ကေအိုင်အေ) သည် မတ်လ ၇ ရက်နေ့တွင် ထိုးစစ်ကြီးကို စတင်လာခဲ့ရာ ချက်ချင်းဆိုသလိုပင် မြစ်ကြီးနား-ဗန်း‌မော် အဝေးပြေးလမ်းမကြီး တလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းကြီး သုံးခုနှင့် စခန်းငယ် ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ကေအိုင်အေသည် လိုင်ဇာကို ခြိမ်းခြောက်နေသည့် အန္တရာယ်များအား ဖယ်ရှားရန်နှင့် အဝေးပြေးလမ်းမကြီးတလျှောက် ကုန်သွယ်ရေးနှင့် စစ်တပ်၏ လှုပ်ရှားမှုများကို ထိန်းချုပ်သွားနိုင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် လိုင်ဇာကို တိုက်ခိုက်လာသော်လည်း ကေအိုင်အေတပ်များသည် မြစ်ကြီးနားမြို့စွန်သို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

ကေအိုင်အေ ထိုးစစ်၏ အရေးပါလာသည့် အကြောင်းငါးရပ် ရှိနေသည်။

(၁) ကေအိုင်အေသည် စစ်တပ် အာဏာသိမ်းပြီးချိန်ကစ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲ တိုက်ပွဲဝင်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်နေသည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် တပ်များကို ပြန်လည်စုစည်းခွင့်ရလာပြီး ကောလင်းကို ပြန်သိမ်းနိုင်ခဲ့သည်။ ထို့နောက်တွင် ကေအိုင်အေ ထိန်းချုပ်နယ်မြေနှစ်ခုနှင့် TNLA ထိန်းချုပ်နယ်မြေ သုံးခုတွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။ ဤသည်ကို ကြည့်က တန်ပြန်တပ်အင်အားကို လွတ်လပ်စွာ တိုးချဲ့လှုပ်ရှားစေခြင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။

ကေအိုင်အေ၏ ထိုးစစ်ကြောင့် ကချင်၊ စစ်ကိုင်း၊ ရခိုင် တို့တွင် တပ်အင်အားကို နည်းနည်းနှင့် ကျဲကျဲဝိုင်းနေရသော စစ်ကောင်စီအဖို့ အခြားဒေသများတွင် တန်ပြန်ထိုးစစ်စတင်ရန် ခက်ခဲသွားခဲ့ရသည်။

(၂) ကေအိုင်အေထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တသားတည်း ရပ်တည်နေမှုသည် ထင်ရှားလာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် ကေအိုင်အေသည် ဘေးထွက် ထိုင်နေခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည်။

တကယ်တမ်းတွင် ကေအိုင်အေသည် ရှမ်းမြောက်တိုက်ပွဲများတွင် မြို့နှစ်မြို့နှင့် စစ်စခန်းများကို သိမ်းယူနိုင်ခဲ့သည်။

(၃) ကေအိုင်အေ၏ မြစ်ကြီးနားလေတပ်အား တိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဉ်တစီး ပျက်စီးသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ စစ်တပ်၏ မနိုင်ဝန်ကို ထမ်းနေရရှာသော လေတပ်အင်အားကို ထပ်မံယုတ်လျော့သွားစေခဲ့သည်။

မတ်လ ၁ ရက်နေ့တွင် စက်ချို့ယွင်း၍ ပျက်ကျသွား‌သည်ဟု ယူဆရသော MIG-29 အပါအဝင် ယခုအချိန်အထိ စစ်လေယာဉ် ၆ စီးအထိ ဖျက်ဆီးပစ်နိုင်ခဲ့ကြ၍ စစ်တပ်၏ ထောက်ပံ့ ပို့ဆောင်ရေးပိုင်းတွင် အထိနာသွားခဲ့ရသည်။

အကြမ်းဖက်စစ်တပ်မှ အလင်းဝင်လာသူများ အဆိုအရ လက်နက်၊ ရိက္ခာ၊ စစ်ကူများ ပံ့ပိုးပေးနိုင်ခြင်း မရှိတော့၍ စိတ်ဓာတ်များ ကျဆင်းနေကြပြီဟု သိရသည်။

ရခိုင်နှင့် ရှမ်းမြောက်‌‌ ဒေသများတွင် ခြေမြန်တပ်ရင်းများ လက်နက်ချကုန်ကြ၍ အင်အား မလုံမလောက်ဖြစ်လာကာ အတင်းအကျပ် စစ်သားစုဆောင်းရသည်အထိ ဖြစ်လာခဲ့သည်။

စစ်‌ခေါင်းဆောင်များသည် မိသားစုများကို ရှေ့တန်းစခန်းများသို့ ပို့လာခဲ့သည်။ ၎င်းတို့စိတ်ထဲတွင် စစ်သားများသည် မိသားစု အသက်အန္တရာယ် ထိခိုက်မည်စိုး၍ စခန်းမကျအောင် အသည်းအသန် ခုခံကြလိမ့်မည်၊ အနည်းဆုံး ကင်းစောင့်တာဝန်ယူ၍ ရသည်ဟု ယူဆခဲ့ကြသည်။

သို့သော် ၎င်းတို့ထင်သလို ဖြစ်မလာခဲ့၊ တပ်သားများသည် မိသားစုများ ဘေးကင်းရေးအတွက် လက်နက်ချလာကြသည်။ အတူနေ ဇနီး သားမယား၏ တိုက်တွန်းချက်များသည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။

(၄) ကေအိုင်အေသည် ထိုးစစ်ကို ဦးဆောင်တိုက်နေသော်လည်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း ပူးတွဲပါဝင်ခဲ့သည်။ ထိုသို့ ပူးတွဲစစ်ဆင်ရေးကြောင့် ယုံကြည်မှုများ မြှင့်တင်နိုင်ခဲ့သည်။

(၅) တရုတ်နယ်စပ်နှင့် ကပ်နေသော လိုင်ဇာဌာနချုပ်အား ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း စစ်တပ်ဘက်မှ ပစ်လိုက်သော လက်နက်ကြီးကျည်‌ လေးလုံးထက်မနည်း တရုတ်ဘက်ခြမ်းသို့ ကျရောက်သွား၍ အဆောက်အဦများ ပျက်စီးသွားခဲ့သည်။ စစ်တပ်မှ ၎င်းတို့လက်ချက် မဟုတ်ဟု ငြင်းဆိုပြီး ကေအိုင်အေအား အပြစ်ပုံချခဲ့သည်။

စစ်တပ်၏ တိုက်စွမ်းရည်သည် ညံ့ဖျင်းနေ၍ မတော်တဆ ကျရောက်သွားခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ပြော၍ရသော်လည်း ကေအိုင်အေဘက်မှ အပစ်ရပ်ရန် တရုတ်အား ဖိအားပေးသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

ကေအိုင်အေထိုးစစ်သည် ရေရှည်သွားဖို့ ရှိသလော ဆိုသည်က ပြောရန် စောလွန်းနေသေးသည်။ ၎င်းတို့လည်း တရုတ်ပံ့ပိုးမှု ရထားပြီး ရုံးခန်းပင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ထိုးစစ်ကို ယခုထက်ပို၍ တိုးချဲ့ တိုက်ခိုက်ပြီး စစ်ကောင်စီတပ်များအား စစ်မျက်နှာရှစ်ခုတွင် ခေါင်းမဖော်နိုင်အောင် လုပ်ထားလိုသည့်ဆန္ဒ ရှိမရှိ ဆိုသည်က ‌ဆက်၍ စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

ဒူးဝါးကြီးတို့၏ ထိုးစစ်သည် အကျပ်ရိုက်နေသော စစ်ခေါင်းဆောင်ပိုင်းအတွက် မရှူနိင် မကယ်နိုင် ဖြစ်သွားစေခဲ့ပြီဟု ရေးသားထားသည်။

လက်ရှိ ၄ ရက်တာ ထိုးစစ်အတွင်း စစ်တပ်၏ အဓိကကျသည့် တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်တော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ…

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နှင့် အောင်မြေ ၂ နေရာသို့ လာရောက်ပစ်ခတ် ဗုံးကြဲနေသော စစ်ကောင်စီတပ်၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကပင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ​ပြောဆိုသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013