DVB Logo
Home
မြန်မာသတင်း
အမြင့်မြို့ဟောင်းက လူနေအိမ် ၇ လုံး မီးရှို့ခံရ၊ ကလေးမြို့ ကျောင်းတိုက်ရွာတွင် တိုက်ပွဲဖြစ်၊ ဆည်မြောင်းရုံး မီးလောင်
DVB
·
March 18, 2024
အမြင့်မြို့ဟောင်းက လူနေအိမ် ၇ လုံး မီးရှို့ခံရ၊ ကလေးမြို့ ကျောင်းတိုက်ရွာတွင် တိုက်ပွဲဖြစ်၊ ဆည်မြောင်းရုံး မီးလောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-အမြင့်လမ်းပိုင်း အမြင့်မြို့ဟောင်းက လူနေအိမ် ၇ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ် ၁၇ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ အမြင့်မြို့ဟောင်း အမြင့်ရဲစခန်းမှ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ကာကွယ်ရေးရဲဘော်တွေနဲ့ ပစ်ခတ်မှုအပြီး မြို့ဟောင်းရပ်ကွက်ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မီးရှို့ခံရမှုကြောင့် မြို့ဟေင်းရပ်ကွက်က လူနေအိမ် ၇ လုံးနဲ့ မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။

“မနေ့က PDF ရဲဘော်တွေနဲ့ သွားရင်းလာရင်း သူတို့ ထိတွေ့မှုဖြစ်ကြတယ်ပေါ့၊ ဖြစ်ပြီးတော့ သူတို့စခန်းနဲ့ မီတာ ၃၀၀ လောက်က အိမ်တွေက ပစ်ကွင်းရှင်းတဲ့အနေနဲ့ မီးရှို့သွားတာ၊ လူနေအိမ်က ၇ လုံး ပါသွားတယ်၊ စာသင်ကျောင်းက အဆောင် ၂ ဆောင် မီးထဲပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေက ပြည်သူတွေဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြရပြီး မြို့ဟောင်းရပ်ကွက်က ပြည်သူတွေကို အမြင့်ရဲစခန်းက စစ်ကောင်စီတပ်သားတွေက ၁ ပတ်အတွင်း ရပ်ကွက်ထဲက ရှောင်ဖို့ အကြောင်းကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ထောက်ပို့တပ်အနီး တောင်ဇလပ်ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်က ဆည်မြောင်းရုံး မတ် ၁၇ ရက်ညက မီးလောင်ကျွမ်းခဲ့တယ်လို့ ကလေးမြို့ခံတွေက DVB ကို ပြောပါတယ်။

ကလေးမြို့ခံတဦးက “ည ၈ နာရီကျော်လောက်က မီးစလောင်တာ ၁၀ နာရီလောက်မှ မီးကို ငြှိမ်းနိုင်ခဲ့တာ။ မီးမလောင်ခင် အဲဒီနားမှာ သေနတ်ဖောက်သံတွေတော့ ကြားသေးတယ်။ မီးလောင်တော့ ရပ်ကွက်ထဲကလူတွေပဲ ငြှိမ်းသတ်ကြရတာ။ မီးသတ်ကားခေါ်ပေမဲ့ မလာဘူး” လို့ ပြောပါတယ်။

အဆိုပါ ဆည်မြောင်းရုံးမီးလောင်မှုအား မီးငြှိမ်းပေးဖို့ ကလေးမြို့မီးသတ်ဌာနကို ရပ်ကွက်နေ ပြည်သူတွေက ဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ လာရောက်ငြှိမ်းသတ်ခြင်း မရှိဘူးလို့ ‌ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့မီးသတ်ဌာနဘက်ကို DVB က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရရှိလို့ မီးကိုသွားရောက် မငြှိမ်းသတ်ပေးခဲ့တာဖြစ်ပြီး အထက်ကိုသာ တိုက်ရိုက်မေးမြန်းဖို့ ပြောပါတယ်။

ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက “ဆည်မြောင်းရုံးမှာက အရင်က စစ်တပ်က တပ်စွဲနေတာ။ တော်လှန်ရေးတပ်တွေက ခဏခဏတိုက်လို့ အဲဒီမှာ မနေတော့တာ။ မနေ့က သူတို့ အဲဒီနားလာပြီး သိပ်မကြာဘူး မီးကလောင်တယ်။ ဆည်မြောင်းရုံးနဲ့ ထောက်ပို့တပ်ကလည်း နီးနီးလေးပဲ။ တကယ်ဆို မီးလောင်တာကို မီးသတ်က လာငြှိမ်းပေးရမှာ။ မီးသတ်ကလည်း လာမငြှိမ်းဘူးဆိုကတည်းက စသိသာနေပြီ” လို့ ပြောပါတယ်။

အဲဒီဆည်မြောင်းရုံးကို စစ်ကောင်စီဘက်က ရှို့တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပေမဲ့ DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မတ် ၁၆ ရက်ကလည်း ကလေးမြို့အနီး ကျောင်းတိုက်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိတယ်လို့ တော်လှန်ရေးအင်အင်အားစုတွေဘက်က ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ခြောက်ဦးကျဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကာ လက်နက်မျိုးစုံ ၁၉ လက် သိမ်းပိုက်ရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ပြောပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက “မနက် ၃ နာရီကစပြီး ရွာပြင်ကနေ ရွာထဲထိ ဝင်တိုက်ခဲ့တယ်။ အဲဒီမှာ သူတို့ဘက်က လေကြောင်းကနေလည်း ပစ်ကူတယ်။ မြို့တွင်းကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူတယ်။ ကျောင်းတိုက်ရွာကို နေ့လယ်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီကျောင်းတိုက်ရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကတော့ ဆည်တော်ဦးရွာနဲ့ အောင်မြင်သာရွာဘက်က တပ်စခန်းတွေဘက်ကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတွင်းက လက်နက်ကြီးတွေကြောင့် ကျောင်းတိုက်ရွာက ဒေသခံတွေက ကလေးမြို့ပေါ်နဲ့ နီးစပ်ရာရွာ‌တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013