
စစ်ခေါင်းဆောင် သမ္မတရာထူးရယူလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က သတင်းအချက်အလက်စုံစမ်းတာတွေ လုပ်နေပါတယ်။
ဧပြီ ၃ ရက်မှာ စစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီး အရပ်သားအသွင်ပြောင်းလိုက်တဲ့အပေါ် အမေရိကန်၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က မြန်မာ့ အရေးဆောင်ရွက်သူတွေဆီက သတင်းအချက်အလက်တွေ စုံစမ်းရယူနေတာပါ။
မြန်မာစစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် USCIRF က မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ချက်ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက တနှစ်ဒေါ်လာ ၃ သန်းပေးပြီးငှားထားတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ရဲ့ "Myanmar Democracy Now" ဝက်ဘ်ဆိုက်ကနေ စစ်ခေါင်းဆောင်ဟာ ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတတာဝန်ကို ရခဲ့တဲ့အကြောင်း သတင်းဆောင်းပါးတပုဒ် ဖော်ပြလာပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “USCIRF အဲ့ဒီကလူတွေတောင်မှ ဒီနေ့ မင်းအောင်လှိုင်ကို သမ္မတရွေးလိုက်တယ်ဆိုတာနဲ့ ချက်ချင်းလှမ်းပြီးတော့မေးတယ်၊ အခြေအနေ ဘယ်လိုလဲပေါ့၊ အဲ့ဒါနဲ့ ကျနော်တို့ report ၈ မျက်နှာလောက်ရှိတယ် ရေးပေးရတယ်၊ မင်းအောင်လှိုင် သမ္မတ ဖြစ်သွားတယ်ပေါ့။ တကမ္ဘာလုံးက အရှေ့အလယ်ပိုင်းကို အာရုံစိုက်နေတဲ့ အချိန်မှာ လူတွေက သူ့ကို ဂရုစိုက်ပါ့မလားပေါ့၊ သူ့ကို ဘယ်သူက အသိအမှတ်ပြုမလဲပေါ့၊ ဘယ်သူက သူနဲ့ဆက်ဆံမလဲပေါ့။ အဲဒီတော့ ကျနော်တို့က ဥပမာဆိုရင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ယိုးဒယား၊ လာအို၊ ဗီယက်နမ် သူတို့တွေ ဆက်ဆံဖို့ အလားအလာရှိတယ်ပေါ့နော်၊ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်ကတော့ အတိအလင်းဆက်ဆံနေပြီလေ၊ ကျန်တဲ့လူတွေကတော့ ကန့်ကွက်တုန်း ရှိသေးတယ်လေ။ ပြီးတော့မှ ကျနော်တို့ဆီက လော်ဘီတွေကတော့ သူ့ကို လက်ခံအောင်လို့ ဒီမှာ လုပ်နေတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ သတိထားပြီးတော့ ကာကွယ်ရမယ်ဆိုပြီးတော့ သူတို့ကို သေချာရေးပေးလိုက်တာပေါ့ဗျာ။ ထိပ်ပိုင်းက လူတွေ လက်ခံနိုင်မယ့် အနေအထားမျိုးကို မုသားပိုင်း သုံးပြီးတော့ အဲ့ဒါမျိုးလုပ်နေတာပေါ့။ သူတို့က ပိုက်ဆံအများကြီးယူထားတယ်။ အဲ့ဒီတော့ အလုပ်တော့ ပြရမယ်ပေါ့၊ သိပ်တော့ ထိရောက်မယ် မထင်ဘူး၊ ဒါပေမဲ့ လွှတ်ထားလို့ လည်း မရဘူးဗျာ” လို့ ပြောပါတယ်။
လော်ဘီကုမ္ပဏီ DCI က ‘မြန်မာနိုင်ငံမှာ သမ္မတသစ် ရွေးချယ်၊ အရပ်သားဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်သို့ ပြန်လည်ရောက်ရှိကြောင်း ကြေညာ’ ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးရေးပြီး ဝါဒဖြန့်ဖို့ ကြိုးစားနေတာပါ။
ဆောင်းပါးပါဖော်ပြချက်တွေမှာ "ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုနဲ့ အရပ်သားဦးဆောင်တဲ့ ဒီမိုကရေစီ"၊ သမ္မတမင်းအောင်လှိုင်လက်ထက်မှာ မြန်မာနိုင်ငံအတွက် အတောက်ပဆုံးနေ့ရက်များ ရှေ့မှာရှိနေတယ်"၊ "စစ်ကောင်စီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတယ်" စတဲ့ အဖြစ်မှန် မဟုတ်တဲ့ စကားလုံးတွေကို သုံးနှုန်းထားပါတယ်။
အဲ့ဒါအပြင် မြန်မာနိုင်ငံမှာ ပြောင်းလဲကောင်းမွန်လာတဲ့အခြေအနေတွေကြောင့် ထရမ့်ပ်အစိုးရက မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ရပ်ဆိုင်းလိုက်တာလို့ ရေးသားထားသလို မြန်မာ့အရေး ကျွမ်းကျင်တဲ့ အထက်လွှတ်တော်အမတ် မစ်ချ်မကော်နယ်လ် အပါအဝင် အမတ်တွေ ရဲ့ ဆောင်ရွက်ချက်တွေနဲ့ မူဝါဒတွေကိုလည်း လွဲမှားတဲ့အဓိပ္ပာယ်တွေ ကောက်ယူပြီး ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “သူတို့အတွက်က သူတို့ စိတ်ဝင်စားတာက ပိုက်ဆံပဲ၊ ဝါဒဖြန့်တာရဲ့သဘောသဘာဝက ပြောပါများလို့ရှိရင် အမှန်တရားက အသံမထွက်နိုင်ဘူးဆိုရင် မှားနေတဲ့ဟာတွေက အမှန်လိုမျိုးလူတွေက ထင်သွားတတ်တယ်ပေါ့၊ မင်းအောင်လှိုင်သမ္မတဖြစ်လာတဲ့အခါမှာ သူတို့ Elected ဆိုတဲ့စကားမျိုးသုံးတယ်၊ ဒါ ပြည်သူ ကနေပြီးမှ ရွေးကောက်တင်မြှောက်လိုက်တာပေါ့နော်၊ မြန်မာပြည်သူလူထုဆိုတာ သူ့ကို မြင်တောင် မမြင်ချင်ဘူး၊ အကုန်လုံးက ရှင်းရှင်းပြောလို့ရှိရင် မအလ ဆိုပြီးတော့ ဆဲနေတာပေါ့လေ၊ ဒုက္ခတွေ ဒုက္ခတွေပေးတာ၊ ကလေးကအစ မကျန်ဘူးပေါ့ သတ်ဖြတ်တယ်၊ ရိုဟင်ဂျာဂျီနိုဆိုက် နဲ့ပတ်သက်ရင် လည်း ICC၊ ICJ ကိစ္စတွေဖြစ်နေသလို ဖမ်းဝရမ်းတောင်ထုတ်ခံထားရတဲ့ ဒုစရိုက်သမားပေါ့လေ၊ ကျမတို့တွေက ဒီလိုကိစ္စတွေကို ဘက်ပေါင်းစုံကနေပြီး ပြန်လည်ပြီးတော့ ခုခံတိုက်ခိုက်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
မတ် ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ USCIRF ရဲ့ ၂၀၂၆ နှစ်ပတ်လည်အစီအရင်ခံစာမှာ အမေရိကန် လော်ဘီကုမ္ပဏီတွေကို ငှားရမ်းပြီး စစ်ကောင်စီက ဝါဒဖြန့်နေတာကို တားမြစ်တဲ့ ဥပဒေကြမ်း လွှတ်တော်မှာတင်သွင်းဖို့၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့် TPS ရပ်ဆိုင်းထားတာကို အစိုးရကသက်တမ်းပြန်တိုးပေးဖို့ စတဲ့အချက်တွေအပါအဝင် စစ်ကောင်စီ အတွက် အခက်အခဲဖြစ်စေမယ့် အကြံပြုချက်တွေကို ဆောင်ရွက်ဖို့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းထားပါတယ်။










