DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် စစ်ရှောင်များကို စစ်တပ်က ဗုံးကြဲ၊ ဟိုပုံးက ရွာလူကြီးကို PNA ပစ်သတ်
DVB
·
March 17, 2024
ဆီဆိုင်တွင် စစ်ရှောင်များကို စစ်တပ်က ဗုံးကြဲ၊ ဟိုပုံးက ရွာလူကြီးကို PNA ပစ်သတ်
1 / 2
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေဟင်္သာဘုရားမှာ စစ်ရှောင်နေတဲ့သူတွေကို စစ်တပ်က ဗုံးကြဲလို့ ကိုရင်နဲ့ ကပ္ပိယတို့ ဒဏ်ရာ အပြင်းအထန်ရပြီး ဟိုပုံးမြို့နယ်၊ နောင်ဖဖာရွာသူကြီးကို PNA ပအိုဝ်း ပြည်သူ့စစ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မတ် ၁၆ ရက် နေ့လယ်ပိုင်းက ဆီဆိုင်မြို့နယ်၊ ရွှေဟင်္သာဘုရားမှာ စစ်ရှောင်နေသူတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲခဲ့လို့ ကိုရင်က  ခြေထောက်ဒဏ်ရာရရှိပြီး ကပ္ပိယက ရင်ဘတ်၊ နောက်ကျောနဲ့ နေရာအနှံ့ ဗုံးစထိမှန်ပြီး  စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဒေသခံ စစ်ရှောင်တယောက်က ပြောပါတယ်။

“ဒရုန်းနဲ့အရင် လာကင်းထောက်တာ။ အရင်နေ့တွေလည်း လာပေမယ့် ဒီတိုင်းပဲလာတာ၊ ဗုံးမကြဲဘူး။ မနေ့ကမှ ဗုံးကြဲချတာ။ ရုတ်တရက်ကြဲတော့ ရှောင်ဖို့အချိန်မရတော့ဘူး” လို့ ပြောပါတယ်။

လမ်းပေါ်တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီက လမ်းကိုပိတ်ထားလို့ ဒဏ်ရာရရှိတဲ့ ကိုရင်နဲ့ကပ္ပိယကို ဆေးရုံးပို့လို့ မရသေးဘဲ ကယ်ဆယ်ရေးအဖွဲ့ကို အကူညီတောင်းထားပေမယ့် လာကူညီနိုင်ဖို့ စီစဉ်နေတုန်းလို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။

ရွှေဟင်္သာဘုရားနားမှာ မတ် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ သာမက လေယာဉ်နဲ့ပါ နေ့တိုင်း လာရောက်တိုက်ခိုက်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာတွေ မလုပ်ကြသေးဖို့လည်း PNLA က သတိပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်ဖဖာရွာသူကြီးကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA နဲ့ ပတ်သက်တယ်ဆိုပြီး PNA ပအိုဝ်းပြည်သူ့စစ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PNA ရဲ့ ဗဟိုလုံခြုံရေးတပ်ရင်းအဖွဲ့ဝင် ဗိုလ်ကြီး တဗီးနဲ့ အဖွဲ့ဝင် အင်အား ၄၀ လောက်က နောင်ဖဖာရွာသူကြီး အိမ်အထိ မတ် ၁၀ ရက်နေ့မှာ လာပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

ရွာခံတယောက်က “ရွာသူကြီးက PNLA အဖွဲ့ဝင်မဟုတ်ဘူး။ ပက်သတ်မှုလည်းမရှိဘူး။ PNA က တမင်သက်သက် လာစွပ်စွဲပြီး ပစ်သတ်သွားတာ” လို့ ပြောပါတယ်။

ပစ်သတ်ခံရသူ နောင်ဖဖာရွာသူကြီးဟာ ဖြားခွန်တိုးဖြစ်ပြီး အသက် ၅၀ ကျော်အရွယ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့၊ ဂနိုင်ရေးရပ်ကွက်မှာလည်း ဖြားခွန်ချောင်းရဲ့ သမီးဟာ PNLA အဖွဲ့ဝင်တယ်ဆိုပြီး PNA ပြည်သူ့စစ်က လိုက်ဖမ်းတာမှာ သမီးကို ဖမ်းမမိလို့ အဖေဖြစ်သူက ဖမ်းဆီးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပါတယ်။

တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်နဲ့ ရပ်စောက်မြို့နယ်တို့မှာ PNLA နဲ့ ပက်သတ်တဲ့သူတွေကို PNA ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့က ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013