DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ရွှေဘိုပေါ်ဆန်း တပြည်ကို ကျပ် ၈၀၀၀ အထိ ဈေးတက် 
DVB
·
March 17, 2024
ရန်ကုန်တွင် ရွှေဘိုပေါ်ဆန်း တပြည်ကို ကျပ် ၈၀၀၀ အထိ ဈေးတက် 
Donate to DVB

ရန်ကုန်မြို့မှာ ရွှေဘိုပေါ်ဆန်း (ရှယ်) တပြည်ကို ကျပ် ၈၀၀၀ ‌အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ရန်ကုန်က ဆန်ရောင်းချနေသူတွေဆီက သိရပါတယ်။

မတ်လ ဒုတိယအပတ်လောက်ကစပြီး ရွှေဘိုပေါ်ဆန်းအပြင် အခြားဆန်အမျိုးအစားအလိုက် ဈေးနှုန်းအသီးသီး မြင့်တက်နေပြီး ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရက်ကိုးဆယ် ဆန်တပြည်ကိုပင် ကျပ် ၄၆၀၀ လောက်အထိ ရောက်ရှိနေပါတယ်။

“ဆန်ကွဲတောင် ၄၀၀၀ ကျော်နေပြီ။ ရွှေဘိုက ဖေဖော်ဝါရီလအထိ ၇၀၀၀ ကျော်နဲ့ ငြိမ်နေတာ။ အခုနောက်ပိုင်းမှ ဈေးက ထိုးတက်သွားတာ။ ပုသိမ်ပေါ်ဆန်း၊ ဧရာဝတီရွှေဘို၊‌ ရိုးရိုးပေါ်ဆန်း အကုန်ဈေးတက်နေတာ” လို့ မြောက်ဥက္ကလာမှာ ဆန်ရောင်းချနေသူတဦးက ပြောပါတယ်။

ရန်ကုန်မှာ ဆန်ဈေးနှုန်းတွေအပြင် စားအုံးဆီဈေးနှုန်းလည်း မြင့်တက်လာပြီး အရင်က တပိဿာ ၇၀၀၀ ရှိခဲ့ရာမှ အခုအခါ စားအုံးဆီတပိဿာ ကျပ် ၈၀၀၀ အထိ ရှိနေပြီလို့ ဆန်နဲ့ဆီ တွဲဖက်ရောင်းချနေသူတွေက ပြောပါတယ်။

အလားတူ စားသုံးကုန်ပစ္စည်းတွေ နဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း တရက်နဲ့ တရက် ဈေးနှုန်းမတူဘဲ ဈေးတက်တဲ့ဘက်ကိုပဲ သွားနေတယ်လို့ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတွေဆီက သိရပါတယ်။

“Ruby တဘူးကို ဒီနေ့ ၅၀၀၀ ဆိုရင် မနက်ဖြန် ၅၂၀၀ ဖြစ်ရင်ဖြစ်တာ။ မားဗီးယက်ဆိုရင် ၄၅၀၀။ ကွမ်းစားဆေးဘူးဆိုရင်လည်း တကတ်ကို ၃၀၀၀၀ လောက်ဖြစ်နေပြီ။ ဆိုင်အတွက် ပိုက်ဆံ နှစ်သိန်းယူရင် အရင်က ပစ္စည်းတော်တော်များဝယ်ပြီးဖြည့်လို့ရတယ်။ အခုက နှစ်သိန်းပါသွားရင် Ruby တတောင့်နဲ့ ကွမ်းစားဆေးဘူး နှစ်ကတ်ဝယ်ရင်ပဲ တသိန်းခြောက်သောင်းလောက် ပြုတ်သွားပြီ” လို့ အင်းစိန်မြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်ထားသူတဦးက ပြောပါသေးတယ်။

စက်သုံးဆီဈေးနှုန်းတွေဟာလည်း တည်ငြိမ်မှုမရှိဘဲ အခုလ ၁၅ ရက်နေ့က  92 Ron တလီတာကို ရည်ညွှန်းဈေး ကျပ် ၂၆၀၀ ကျော်သာ ရှိပေမဲ့ ဒီနေ့မှာတော့ တလီတာ ၂၇၀၀ ကျော်အထိ ရှိနေကာ ပြင်ပမှာတော့ တလီတာကို ကျပ် ၄၀၀၀ ကျော် ရောင်းချနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013