DVB Logo
Home
Lead Story
လူသေခံတွင်းနှိုက် အောင်မြင့်မိုရ်မင်းနဲ့ ဗိုလ်ယုတ်တသိုက် (သို့) မိစ္ဆာအပူစာစားပြိတ္တာများ
DVB
·
March 16, 2024
လူသေခံတွင်းနှိုက် အောင်မြင့်မိုရ်မင်းနဲ့ ဗိုလ်ယုတ်တသိုက် (သို့) မိစ္ဆာအပူစာစားပြိတ္တာများ
Donate to DVB

မြန်မာစကားမှာ အပူစာဆိုတဲ့စကားလုံး ရှိပါတယ်။

မိမိမှအပ အခြားသူတွေရဲ့ သွေးမျက်ရည်၊ အသက်ဘဝတွေကို ဖျက်ဆီးနင်းချေပြီးမှ ဖြစ်တည်ရရှိလာအပ်တဲ့ ငွေကြေး၊ ဓနဥစ္စာ စည်းစိမ်တွေကို အပူစာလို့ သတ်မှတ်ကြပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကိုယ်ကျင့်သီလ ဆိုးယုတ်တဲ့ စစ်ဓားပြဂိုဏ်းက အာဏာလုယူခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း အဲ့ဒီလို အပူစာတွေကို ရယူစားသုံးလို့ တရားမဲ့စွာ ချမ်းသာကြွယ်ဝလာသူတွေ တနေ့တခြား တိုးပွားလို့ မြန်မာ့လူ့ဘောင်ကို အရုပ်ဆိုး အကျည်းတန်စေခဲ့ကြပါတယ်။

အပူစာဥပမာတချို့ပေးရရင် မရှိမဖြစ် အစားအစာ၊ ကျန်းမာရေးအထောက်အကူပြု၊ ဆေးဝါးပစ္စည်းများကို လူသူအများ အကျပ်အတည်းဖြစ်ချိန် မတန်တဆ ဈေးမြှင့်ရောင်းချခြင်း၊ တိုင်းပြည်ပျက်ချိန် မသမာသော နည်းလမ်းတွေသုံး ချမ်းသာကြွယ်ဝအောင် အကျင့်ပျက် ခြစားခြင်း၊ လာဘ်‌ပေးလာဘ်ယူခြင်း၊ မိုးခါးရေသောက်ခြင်း၊ အများပြည်သူ အသက်ဘေးနဲ့ ကြုံနေရချိန် လည်စင်းခံရချိန် အခွင့်ကောင်းယူ၍ လူ့အသက်ကို အကျပ်ကိုင်ပြီး ကာမဆန္ဒ၊ အိုးအိမ်ခြံမြေဥစ္စာနဲ့ ကာမဆန္ဒကို အလိုမတူဘဲ ရယူခြင်း၊ သူတပါး မျက်ရည်ကြီးငယ်ကျစေပြီး စီးပွားရှာခြင်း စတာတွေ ဖြစ်ပါတယ်။

အဲ့ဒီလို အပူစာတွေထက် ပိုမိုဆိုးရွားယုတ်မာတဲ့ မိစ္ဆာအပူစာမျိုးကတော့ မင်းအောင်လှိုင် မိသားစုပိုင် အောင်မြင့်မိုရ်မင်း အသက်အာမခံကုမ္ပဏီက ရှေ့တန်းတိုက်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ စစ်သားတွေနဲ့ အရာရှိတွေအတွက် အသက်အာမခံကြေးတွေကို မလျော်ပေးဘဲ အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ကာ ကျန်ရစ်မိသားစုကို မျက်ရည်ကြီးငယ်ကျစေပြီး လူသေခံတွင်းထဲက မိစ္ဆာအပူစာ နှိုက်စားခြင်းပါပဲ။

စစ်အာဏာရှင်စနစ် အကျိုးစီးပွားအတွက် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေထဲက အလောင်းပြန်ရသူတွေရဲ့ မိသားစုတွေကို အသက်အာမခံကြေးထုတ်ယူဖို့ စစ်ဆေးရုံတွေမှာ သေဆုံးစာရင်း ထုတ်ယူခိုင်းတယ်လို့ ဆိုပါတယ်။ ဒါတောင် သေဆုံးစာရင်းလက်မှတ် ထုတ်ယူတာကနေ အာမခံကြေးရတဲ့အထိ အချိန်အလွန်ကြာမြင့်ကြောင်း၊ အဲ့ဒါအပြင် အာမခံကြေးကိုလည်း အပြည့်အဝမပေးဘဲ မယားငယ်ပေး အလီလီခွဲပေးနေတယ်လို့ သိရှိရပါတယ်။ “သေစာရင်းကလည်း စစ်ဆေးရုံမှာ အလကားမရဘူးတဲ့။ အလောင်းအတည်ပြုနိုင်ရင်တောင် သေစာရင်းရဖို့ ငါးသောင်းပေးရတယ်” လို့ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

အလောင်းပြန်မရတဲ့ စစ်သားတွေနဲ့ အရာရှိတွေ အလောင်းကို အတည်မပြုနိုင်တဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေမှာတော့ သေဆုံးတာ သိရ‌ပေမဲ့လည်း စစ်ဓားပြတပ်က ပျောက်ဆုံးစာရင်းမှာသာ ထည့်သွင်းတာမို့ အာမခံကြေးရဖို့ မလွယ်ကူတော့ဘူးလို့လည်း သိရှိရပါတယ်။ အလောင်းပြန်မရရင် အသက်အာမခံကြေးတို့၊ ဘဏ်စုငွေတို့၊ ပင်စင်လစာတို့ကို မပေးတော့ဘဲ မင်းအောင်လှိုင်သားပိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီက မိစ္ဆာအပူစာ စားလိုက်တာပဲ ဖြစ်ပါတယ်။

အလွန်ဆိုးဝါးယုတ်မာတဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းဟာ သူတို့အတွက် အသက်ပေးရတဲ့ စစ်သားမိုက်တွေရဲ့ အလောင်းမပြနိုင်၊ အလောင်းပြန်မရတာတွေကို အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနဲ့ စစ်ဗိုလ်ယုတ်ကြီးတွေက ပေးရမှာကို မပေးချင်တော့ ပျောက်ဆုံးလို့ သတင်းပို့ပြီး လိုင်းခန်းက နှင်ထုတ်ကြပါတယ်။ လစာတွေကိုလည်း ကျန်ရစ်တဲ့ ဇနီးမယား၊ မိသားစုတွေက မရတော့ ငတ်ပြတ်၊ မှီခိုသားမယားတွေ သမီးတွေလည်း ဖာဖြစ်သူက ဖြစ်ကုန်ကြပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်မိသားစု ကိုယ်တိုင်က လူသေပါးစပ်ဖြဲယူ ခိုးစားနေတာပဲ မဟုတ်ပါလား။

တကယ်တမ်းက တပ်မတော်သား အာမခံဆိုတာကို ဒုတိယစစ်အာဏာရှင် သန်းရွှေတို့ လက်ထက်က ၁၉၉၃ ခုနှစ်၊ မြန်မာ့အာမခံလုပ်ငန်းဥပဒေ အခန်း ၆၊ ပုဒ်မ ၁၃ အရ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိရှိတဲ့ စစ်ဗိုလ်စစ်သားတွေ ထားရှိဖို့ အာမခံထားငွေ အများဆုံး ကျပ်သန်း ၃၀ ထားနိုင်ပါတယ်။ အာမခံသက်တမ်း ၅ နှစ်မှ ၁၂ နှစ်အထိ ပရီမီယံကြေးပေးပြီးရင် ၂ နှစ်၊ အာမခံသက်တမ်း ၁၃ နှစ်ထားတဲ့ ပေါ်လစီတွေအတွက် ပရီမီယံပေးပြီး ၃ နှစ်ဆက်တိုက် ပေးသွင်းပြီး အာမခံထားသူ အလုပ်မှနုတ်ထွက်ခြင်း၊ အငြိမ်းစားယူခြင်း၊ ထုတ်ပယ်ခံရရင် ပရီမီယံ ဆက်လက်မပေးသွင်းခဲ့ရင် အမ်းငွေရသင့်တန်ဖိုး ဇယားအရ (သို့) ပေးသွင်းပြီး ပရီမီယံရဲ့ ၈၀ ရာခိုင်နှုန်းကို အမ်းငွေရရှိနိုင်ပါတယ်။

အရင်က စစ်ဗိုလ်စစ်သားတွေရဲ့ အသက်အာမခံကြေးတွေကို နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့ မြန်မာ့အာမခံလုပ်ငန်းမှာသာ ထားကြရတာဖြစ်ပေမဲ့ စစ်ဓားပြခေါင်းဆောင် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့တဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းက စတင်ပြီး သူ့သားဖြစ်သူ အောင်ပြည့်စုံ ပိုင်တဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီမှာ ပြောင်းလဲထားလာခဲ့တာဟာ မသာအိမ် ဖဲလိမ်ရိုက်ဖို့ အကွက်ဆင်လာတာပဲ ဖြစ်ပါတယ်။

တပ်သားအဆင့်ရှိ စစ်သားတဦးဟာ အနည်းဆုံး ၂ နှစ်သက်တမ်းရှိတဲ့ ကျပ် ၅ သိန်းတန် အသက်အာမခံကြေးကို ဝယ်ယူရပြီး တလကို ၈,၄၀၀ ကျပ်ခန့် ပေးသွင်းကြရပါတယ်။

သေဆုံးမှု တောင်းခံငွေနဲ့ ပတ်သက်လို့ ပေါ်လစီသက်တမ်း တည်မြဲနေတဲ့ ကာလအတွင်း အာမခံထားသူ စစ်ဗိုလ် စစ်သား ကွယ်လွန်သွားခဲ့ရင် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။ အာမခံထားသူ အာမခံသက်တမ်း နှစ်စေ့ပြီးမှ ကွယ်လွန်ရင်လည်း အကျိုးခံစားခွင့်ရှိသူဟာ အာမခံထားသူထက်စောပြီး ကွယ်လွန်ရင်လည်း အာမခံထားသူရဲ့ အမွေဆက်ခံခွင့်ရှိသူကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ စစ်ဓားပြတပ်ပျက်ထဲ ဖြစ်နေတာက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ စစ်သည်တွေ သေဆုံးရင် သူတို့ရဲ့ အသက်အာမခံကြေးတွေကို တပ်ရင်းမှူးက ထုတ်ယူလေ့ရှိပြီး သက်ဆိုင်ရာ မိသားစုတွေကိုလည်း အသက်အာမခံကြေး ခံစားခွင့်ရဲ့ ထက်ဝက်ခန့်ကိုသာ ပြန်ပေးတယ်လို့ သိရပါတယ်။ “ဘဏ်ထဲမှာ အသက်အာမခံကြေး သိန်း ၃၀ ရှိရင် ၁၅ သိန်း ထုတ်ပေးတယ်။ သိန်း ၂၀ ရှိတဲ့သူဆိုရင် ၁၀ သိန်းပဲ ထုတ်ပေးကြတယ်။ အာမခံနဲ့ပတ်သက်တဲ့ စာချုပ်တွေကိုလည်း တပ်ရင်းရုံးတွေမှာပဲ ထားထားတာဆိုတော့ သူ့တို့လင်သားက အသက်အာမခံကြေးသွင်းတာကို သိတဲ့မိသားစုဆိုရင် ပြန်ပေးတယ်။ မသိတဲ့မိသားစုတွေဆိုရင် သူတို့က ယူထားလိုက်ပြီး အဲဒီလို လုပ်စားကြတာ” လို့ CDM ဗိုလ်ကြီးဇင်‌ယော်က ဆိုပါတယ်။

တပ်တွင်းမှာရှိတဲ့ အရာရှိအများစုဟာ အသက်အာမခံကြေးတွေကို အရင်ကတည်းက ခေါင်းပုံဖြတ်နေခဲ့ကြတာဖြစ်ပြီး ရှေ့တန်းနယ်မြေမှာရှိတဲ့ သေဆုံးစာရင်းများကိုလည်း တပ်ပြေး (သို့မဟုတ်) ပျောက်ဆုံးစာရင်းလို့သာ လိမ်လည်တင်ပြမှုတွေ ရှိခဲ့ကာ စစ်မိစ္ဆာ မင်းအောင်လှိုင် အာဏာလုယူပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် စိတ်ဓာတ်ယုတ်ညံ့ပြီး ကိုယ်ကျင့်သီလ ဆိုးရွားတဲ့ အာဏာလု စစ်ဓားပြဂိုဏ်းခေါင်း‌ဆောင်ရဲ့သားပိုင် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနဲ့ တပ်တွင်း ခေါင်းဆောင်ဆိုးတွေဟာ သူတို့အတွက် ‌အ‌သေခံ တိုက်ပွဲဝင်ရင်း သေဆုံးသွားရတဲ့ စစ်ဗိုလ် စစ်သား အလောင်းပြန်မရတဲ့သူ‌တွေရဲ့ အသက်အာမခံကြေးကို ထုတ်မပေးကြဘဲ ခေါင်းပုံဖြတ်စားနေတာဟာ လူသေခံတွင်းနှိုက်ပြီး မိစ္ဆာအပူစာစား ပြိတ္တာများသဖွယ် ဖြစ်ကြပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ခုခံတော်လှန်စစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်တဲ့ ကရင်နီတပ်ဖွဲ့ ၁၁၁၁ စစ်ဆင်ရေး၊ ကချင်၊ ကရင်၊ ချင်း၊ ရှမ်းတောင်နဲ့ PDF တပ်ဖွဲ့တွေရဲ့ ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အထိ တနိုင်ငံလုံးက မြို့သိမ်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ပြုန်းတီးအင်အား စုစုပေါင်းရင် ခန့်မှန်းခြေ သေဆုံးစစ်ဗိုလ်စစ်သား ၄၀,၀၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။

စစ်သားတဦးအတွက် အနည်းဆုံးဝယ်ရတဲ့ အသက်အာမခံကြေး ၅ သိန်းနဲ့ တွက်ကြည့်မယ်ဆိုရင် သေဆုံးစစ်သား ၄၀,၀၀၀ အတွက် ပေးရမယ့် အသက်အာမခံကြေး အနည်းဆုံး သန်းပေါင်း ၂၀,၀၀၀ ကို အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနဲ့ တပ်တွင်းခေါင်းဆောင်ဆိုးတွေက အပူစာစားခဲ့ကြတာ ဖြစ်ပါတယ်။ တကယ့်မိစ္ဆာအပူစာ ပမာဏဟာ အဲ့ဒီ ငွေပမာဏထက် များဖို့သာ ရှိပါတယ်။ သေဆုံးစစ်သားရဲ့ ကျန်ရစ် ဇနီးမယား မိသားစုတွေ ငတ်မွတ်ခေါင်းပါး ဘဝပျက်အောင် လူသေခံတွင်းနှိုက်စားသလို ခေါင်းပုံဖြတ်စားတဲ့ စစ်ပြိတ္တာတွေဟာ အဲ့ဒီ မဟာအကုသိုလ်ဆိုးရဲ့ အကျိုးပေးကို ဒီဘဝတင် မကြာခင် ပြန်ပေးဆပ်ကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013