
အီရန်နိုင်ငံ လာရက်ခ်ကျွန်းပေါ်က ဒုံးပစ်စင်တွေကို အမေရိကန်-အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် လက်စားချေတဲ့အနေနဲ့ ဂျော်ဒန်က အမေရိကန်လေတပ်စခန်းတွေကို တနင်္ဂနွေနေ့ညမှာ ဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ ပေါင်းစပ်တိုက်ခိုက်ခဲ့တယ်လို့ အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဩဂုတ် ၃၁ ရက်မှာ ပြောပါတယ်။
ဒုံးကျည်တွေ ဒရုန်းတွေကို ပစ်လွှတ်နေတယ်လို့ ယူဆရတဲ့ အရာတွေကို ပြထားတဲ့ ဗီဒီယိုကို အီရန်အာဏာပိုင်တွေက သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ဂျော်ဒန်နိုင်ငံထဲက ဘုရင်ဟူစိန်နဲ့ အယ်လ်-အာဇ်ရက် အမေရိကန် လေတပ်စခန်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုလို့ အီရန်အစိုးရက ပြောပါတယ်။
ဗီဒီယိုထဲမှာပြထားတဲ့ ပစ်လွှတ်မှုတွေရဲ့ တိကျတဲ့အချိန်နဲ့ နေရာကို အီရန်အာဏာပိုင်တွေက ထုတ်မပြောပါဘူး။
ဇူလိုင်လနှောင်းပိုင်းကစပြီး အမေရိကန်ရဲ့ အီရန်အပေါ် ပထမဆုံးတိုက်ခိုက်မှုအဖြစ် တနင်္ဂနွေနေ့မှာ အမေရိကန်တပ်ဖွဲ့တွေက ဟော်မုဇ်ရေလက်ကြားက လာရက်ကျွန်းပေါ်က ဒုံးပစ်စင် ၂ ခုကို ပစ်ခတ်ပြီးတဲ့နောက် ခုဗီဒီယို ထွက်လာတာပါ။
အီရန်အစိုးရဟာ ဂျော်ဒန်နိုင်ငံက အမေရိကန်စခန်း ၂ ခုကို လက်စားချေ တိုက်ခိုက်ခဲ့ပြီး ရေနံ ဈေးကွက်တွေကို လှုပ်ခတ်စေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ နောက်ထပ် တင်းမာမှုတခု ဖြစ်တယ်လို့ တော်လှန်ရေးအစောင့်တပ်တွေကို ကိုးကားပြီး အီရန်မီဒီယာတွေက အစီရင်ခံ ပါတယ်။
အီရန်စစ်တပ်က ဂျော်ဒန်နိုင်ငံထဲက နည်းပညာနဲ့ ပြုပြင်ထိန်းသိမ်းမှု အခြေခံအဆောက်အအုံတွေ အပြင် ရန်သူ့တိုက်လေယာဉ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ IRGC ရဲ့ တရားဝင်သတင်းဌာန ဆီပါနယူးစ်က ဖော်ပြခဲ့ပါတယ်။
ရန်လိုတဲ့လုပ်ရပ်တွေက ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့ ထိန်းချုပ်မှုကို အားနည်းစေမှာ မဟုတ်ဘူးလို့ IRGC က သတိပေးခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုတွေက ပိုပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောခဲ့ပါတယ်။
လာရက်ခ်ကျွန်းပေါ်က အမေရိကန်- အစ္စရေး တိုက်ခိုက်မှုမှာ စစ်ဘက်ဝန်ထမ်းနဲ့ အရပ်သားတွေ အမြောက်အများ သေဆုံးဒဏ်ရာရ ခဲ့တယ်လို့ IRGC က ပြောပါတယ်။











