DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု ဖြစ်နေ
DVB
·
March 15, 2024
တာချီလိတ်တွင် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု ဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့မှာ ဒီမတ်လဆန်းကတည်းကစပြီး မတ် ၁၅ ရက် ဒီနေ့ထိ မီးခိုးမြူတွေ ပိတ်ဖုံးနေလို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဂရုစိုက်ဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။

မီးခိုးမြူကြောင့် မျက်လုံးစပ်တာတွေ ရှိပေမဲ့ ကျန်းမာရေး ဆိုးဆိုးရွားရွားထိခိုက်တာ မတွေ့မိကြောင်း၊ ဒါပေမဲ့ ရပ်ကွက်လူကြီးတွေကတော့ အပြင်ထွက်ရင် မတ်စ်ခ်တပ်ဖို့၊ အရေးမကြီးရင် အပြင်မထွက်ဖို့ လာပြောထားတယ်လို့ တာချီလိတ်နေ ပြည်သူတဦးက DVB ကို ပြောပါတယ်။

“မီးခိုးတွေနဲ့ဆိုတော့ မျက်စိစပ်တာ၊ နှာခေါင်းမွှန်တာတော့ နည်းနည်းပါးပါး ဖြစ်တာပေါ့။ ရပ်ကွက်လူကြီးကတော့ တာချီလိတ်မှာ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှု ခရမ်းရောင်အဆင့် ရှိပြီလို့ ပြောတယ်။ အရင်တပတ်က အနီရောင်အဆင့်၊ ပိုဆိုးလာပြီတဲ့။ အဲဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ သတိထားဖို့ပေါ့။ အဆုပ်ရောဂါဖြစ်သူတွေ၊ ဘိုးဘွားတွေ၊ ကလေးတွေ၊ ကလေးအမေတွေ အရေးမကြီးရင် အပြင်မထွက်နဲ့၊ ထွက်ရင်လည်း မတ်စ်ခ်တပ်ဖို့ ပြောတယ်။”

တာလော့ဈေးနေ ပြည်သူတဦးကတော့ “တို့ဆီမှာတော့ ဘယ်ရပ်ကွက်လူကြီးမှ လာမပြောပါဘူး။ အရင်ကလည်း အထူးတလည် သတိပေးတာ မရှိဘူး။ ဒီလိုဘဲ ကိုယ့်ဘာကိုယ် ဂရုစိုက်ပြီး နေကြတယ်။ အပြင်က မထွက်လို့ကိုမရဘူး၊ နေ့စဉ် လုပ်ကိုင်စားသောက်ဖို့ကလည်း လိုသေးတယ်လေ” လို့ ပြောပါတယ်။

ပတ်ဝန်းကျင် လေထုအရည်အသွေးညွှန်းကိန်း AQI အခြေအနေမှာ ၀ မှ ၅၀ ထိဆိုရင် အစိမ်းရောင်ဆင့်၊ ၅၁ မှ ၁၀၀ ထိ အဝါရောင်အဆင့်၊ ၁၀၁ မှ ၁၅၀ ထိ လိမ္မော်ရောင်အဆင့်၊ ၁၅၁ မှ ၂၀၀ ထိ အနီရောင်အဆင့်နဲ့ ၂၀၁ မှ ၃၀၀ ထိ ခရမ်းရောင်သတ်မှတ်ပြီး ၃၀၁ မှ ၅၀၀ ထိ နီညိုရောင်ကို အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးအဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ တာချီလိတ်ရဲ့ P.M 2.5 လေထုအရည်အသွေးဟာ ၂၀၂၄ မတ် ၁၄ ရက် မနက် ၇ နာရီကနေ မတ် ၁၅ ရက် မနက် ၇ နာရီထိ ၁ ကုဗမီတာကို ၁၈၄ ဒသမ ၃၉ ရှိပြီး AQI ၂၃၄ ထိ ရှိနေပါတယ်။

အခုလိုဖြစ်ရတာဟာ ရှမ်းအရှေ့ပိုင်းဒေသ မိုးဦးကျချိန်အမီ တောင်ယာမီးရှို့တာတွေ၊ သဘာဝ တောမီးလောင်တာတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013