
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း၊ လာဟိုးမြို့မှာ အဆိပ်သင့်မီးခိုးမြူထူတွေက မြို့တမြို့လုံးကို ဖုံးလွှမ်းထားလို့ ဆောက်လုပ်ရေးလုပ်သားတွေက ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကြီးတွေကို ရင်ဆိုင်နေရတဲ့အပြင် နေ့စဉ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
လေထုထဲက အဆိပ်အတောက် ပါဝင်မှု ပမာဏကို တိုင်းတာတဲ့ ဆွစ်ဇာလန်အခြေစိုက် IQAir အဖွဲ့ရဲ့ အချက်အလက်တွေအရ၊ နိုဝင်ဘာ ၇ ရက်၊ ဒေသစံတော်ချိန် မနက် ၅ နာရီ ၅ မိနစ်မှာ လာဟိုးမြို့ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ဒုတိယမြောက်မြို့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ကမ္ဘာ့မြို့ကြီးတွေထဲက အိန္ဒိယနိုင်ငံ၊ ဒေလီမြို့က လေထုအညစ်ညမ်းဆုံး ပထမနေရာမှာ ရှိနေပါတယ်။
တနေ့ကို ရူပီးငွေ ၁,၅၀၀ ဝင်ငွေရတဲ့ ဆောက်လုပ်ရေးလုပ်သား မိုဟာမက်ဆာမီယာက သူ့အလုပ်ဟာ ကာယအားစိုက်ထုတ်ရတဲ့ အလုပ်မျိုးဖြစ်လို့ မျက်နှာဖုံးကို အချိန်ကြာကြာ တပ်ထားဖို့ ခက်တယ်လို့ ပြောပါတယ်။
မီးခိုးမြူတွေကြောင့် လည်ချောင်းနာလာပြီး လုပ်သားတွေရဲ့ လုပ်ငန်းတာဝန်ထမ်းဆောင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ ဆာမီယာက ညည်းညူရင်း မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ ဆက်အလုပ်လုပ်နေရတယ်လို့ ပြောပါတယ်။
အေးမြပြီး သိပ်သည်းဆများတဲ့ လေထုကယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို မီးရှို့ရာက ထွက်လာတဲ့ ညစ်ညမ်းစေတဲ့ အရာတွေကို ဖမ်းယူ ထိန်းချုပ်ထားသလို ဖြစ်နေလို့ ဆောင်းဦးရာသီမှာ ဒီဒေသက လေထုညစ်ညမ်းမှုက အလွန်ဆိုးရွားလာလေ့ရှိပါတယ်။
ဒီအခြေအနေက လေထုညစ်ညမ်းမှုကို ကမ္ဘာ့အမြင့်ဆုံးအဆင့်တွေထဲထိ ရောက်ရှိစေပြီး ဒေသခံပြည်သူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင် နေရပါတယ်။
Source: Reuters











