
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ကျေးရွာတွေမှာ နွားတွေ အဆိပ်သင့် သေဆုံးမှုတွေ ရှိနေတာကြောင့် ဗုံးကြဲခံရတဲ့ နေရာတွေက အသီးအရွက်တွေကို မစားကြဖို့ ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် (AA) ကျန်းမာရေးဌာနက ဩဂုတ် ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတွေအနီး အစာသွားစားတဲ့နွားတွေ ဆက်တိုက် သေဆုံးမှုတွေ ရှိလာနေလို့ ဒေသခံတွေအနေနဲ့ လေကြောင်းဗုံးကြဲခံထားရတဲ့ ပတ်ဝန်းကျင်က ဟင်းသီးဟင်းရွက်တွေကို မစားသုံးကြဖို့နဲ့ ကျွဲ၊ နွား၊ ဝက်၊ ကြက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လွှတ်ကျောင်းတာ မပြုကြဖို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက သတိပေးလိုက်တာပါ။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး တောင်တန်းတွေကို ဩဂုတ် ၁၈ ရက်က စစ်တပ်က လေကြောင်းမှ လေယာဉ် ၃ စင်းနဲ့ ဗုံး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ဗုံးကြဲခံရတဲ့ နေရာပတ်ဝန်းကျင်မှာ အစာသွားရောက်စားတဲ့ နွားတွေ သေဆုံးခဲ့တာလို့ ကျောက်တန်းကျေးရွာသားတယောက်က ပြောပါတယ်။
“ရခိုင်မှာက မိုးနှောင်းပိုင်းဆိုရင် နွားတွေကို တောင်ပေါ်တင်ပြီး ကျောင်းကြလေ့ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေအနီး နွားတွေဟာ ဘာကြောင့်မှန်းမသိ ပါးစပ်က အမြှုပ်တွေထွက်ပြီး ဆက်တိုက် သေဆုံးမှုတွေ ရှိလာတယ်။ လောလောဆယ် အာဏာပိုင်တွေဘက်က အဲဒီနေရာတွေမှာ နွားကျောင်းတာတွေ မလုပ်ဖို့နဲ့ အနီးအနားက ဟင်းသီးဟင်းရွက်တွေလည်း ခူးမစားဖို့ သတိပေးထားပါတယ်။”
အရင်က ဒီလိုဖြစ်တာမျိုး မရှိခဲ့ပေမဲ့ ရသေ့တောင်မြို့နယ်အတွင်း အခုရက်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါပတ်ဝန်းကျင်ရှိ စားကျက်တွေမှာ အစာစားနေကြတဲ့ နွားတွေဟာ အကြောင်းပြချက်မရှိဘဲ တကောင်ပြီးတကောင် ဆက်တိုက်သေဆုံးမှုတွေ ရှိလာနေကြောင်း AA ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗုံးကြဲခံထားရတဲ့ နေရာတွေရှိ ဗုံးသီးတွေမှာပါဝင်တဲ့ ယမ်းတွေဟာ မိုးရာသီဖြစ်လို့ မိုးရေနဲ့အတူ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့ရောက်ရှိတတ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ယမ်းအဆိပ်သင့်မှုတွေ ဖြစ်လေ့ဖြစ်ထရှိကြောင်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
ဗုံးကြဲခံရတဲ့ နေရာတွေမှာ ယမ်းနဲ့ ဓာတုပစ္စည်းတွေ ပျံ့နှံ့နေတတ်လို့ အဆိပ်သင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလေ့ရှိရာ ဗုံးကြဲခံထားရတဲ့ နေရာတွေက အသီးအရွက်တွေကို မစားသုံးကြဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လွှတ်ကျောင်းတာ မပြုလုပ်ကြဖို့ အထူးသတိထားသင့်ကြောင်း ကျန်းမာရေးဌာနနဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးသီးဆိုတာ ယမ်းမှုန့်တွေ၊ ဓာတုပစ္စည်းတွေနဲ့ လူကို သေစေနိုင်တဲ့အထိ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီလို ဗုံးကြဲခံရပြီးနောက် အနီးပတ်ဝန်းကျင်က လူတွေနဲ့ တိရစ္ဆာန်တွေ ယမ်းဆိပ်သင့်တဲ့ ဖြစ်စဉ်တွေလည်း ရှိဖူးပါတယ်။ အခု ရသေ့တောင်မှာ နွားတွေ သေဆုံးတဲ့ ဖြစ်စဉ်ဟာလည်း အဲဒီလို ယမ်းဆိပ်သင့်တဲ့ ဖြစ်စဉ်လို့ ကနဦး ယူဆလို့ရတယ်။ အဲဒါကြောင့် ဗုံးကြဲခံထားရတဲ့ နေရာတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဖို့ အရေးကြီးသလို တိရစ္ဆာန်တွေကိုလည်း အဲဒီနေရာတွေမှာ လွှတ်မကျောင်းကြဖို့ အရေးကြီးပါတယ်။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း အရေပြားယားနာတွေ အဖြစ်များလာတာဟာလည်း ယမ်းငွေ့တွေကြောင့် ဖြစ်နိုင်ခြေများတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ကောက်ချက်ချပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်ရှိ မြို့ရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာနေသလို တိုက်ပွဲကာလအတွင်း ဓာတုဗုံးတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း AA ဘက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေ ပိုများလာပါတယ်။
ကျန်းမာရေးဌာနမှ ဝန်ထမ်း အမျိုးသမီးတယောက်က “လောလောဆယ် ရသေ့တောင်ဘက်မှာ နွားတွေ သေဆုံးတာတွေ ရှိနေတယ်။ သူတို့စားကျက်က အရင် ဗုံးကြဲခဲ့တဲ့ နေရာတွေ အနားမှာဆိုတော့ ဒါက အဆိပ်မိတာလား၊ ရောဂါတခုခုကြောင့်လား ဆိုတာ မသိရသေးပေမဲ့ အတတ်နိုင်ဆုံး အဲဒီအနီးအနားက စိုက်ထားတဲ့ အသီးအရွက် သီးနှံတွေကို မစားသင့်ပါဘူး” လို့ ပြောပါတယ်။
စစ်ရှောင် အမျိုးသားတယောက်ကလည်း "လေယာဉ်နဲ့ ဗုံးချတာ၊ လက်နက်ကြီးပစ်လို့ ကျည်ကျတာတွေ ဖြစ်တဲ့နေရာမှာ ချောင်းတွေ၊ အိုင်တွေ ရှိရင် ငါးတွေတောင် သေတယ်။ ကျန်တဲ့ငါးတွေလည်း တဖြည်းဖြည်း သေကုန်တယ်။ ကျနော်တို့ဆိုရင် ခန္ဓာကိုယ်တွေမှာ ယားနာတွေ ပေါက်တယ်။ အနီးအနားက မြက်တွေ၊ ရေတွေ လာစားလာသောက်တဲ့ နွားတွေ သေဆုံးတာမျိုးလည်း မြင်ဖူးတယ်" လို့ ပြောပါတယ်။
နွားတွေသေဆုံးရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ ဆေးပညာဌာနက စစ်ဆေးရှာဖွေနေပြီး အကြောင်းရင်းကို သိရှိပါက ပြည်သူတွေကို ထပ်မံ အသိပေးသွားမယ်လို့ ဆိုပါတယ်။
အာရက္ခဒေသအတွင်း ဗုံးကြဲခံထားရတဲ့ နေရာတွေအနီး နွား၊ ကျွဲ စတဲ့တိရစ္ဆာန်တွေ သေဆုံးတာ ထပ်မံတွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးဌာနနဲ့ ဒီလပ်ဌာနတွေကို ချက်ချင်း အကြောင်းကြားဖို့လည်း အာရက္ခ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။











