DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုရှိဟု NUG ပြော
DVB
·
March 14, 2024
တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုရှိဟု NUG ပြော
Donate to DVB

တရုတ်နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးဖွင့်ဖို့ ကမ်းလှမ်းချက်ရှိမရှိဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ထုတ်ဖော်ပြောဆိုလို့ မရသေးတဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ NUG က ရုံးလာဖွင့်ဖို့ တရုတ်အစိုးရဘက်က ကမ်းလှမ်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာပါ။

မတ်လဆန်းမှာ တရုတ်နိုင်ငံကစီစဉ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ အပစ်ရပ် နောက်ဆက်တွဲ အစည်းအဝေးနဲ့ မတ် ၇ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ တရုတ် နိုင်ငံတော်အတိုင်ပင်ခံညီလာခံအပြီး တရုတ်နိုင်ငံခြားရေးမူဝါဒတွေရဲ့ နောက်ဆက်တွဲအဖြစ် အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။

NUG အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတချို့နဲ့ အာရှနိုင်ငံတချို့မှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှာပါ ရုံးဖွင့်ခွင့်ရမယ် ဆိုရင် သံတမန်ရေးအရ မြင်သာတဲ့အောင်မြင်မှု ဖြစ်လာမှာပါ။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာ ကျနော်တို့ အစိုးရစဖွဲ့ကတည်းကပါပဲ။ နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားအတွက် Engage လုပ်တာတွေ၊ ဆက်ဆံရေးလမ်းကြောင်းတွေ အကုန်ဖွင့်ပြီးတော့ လုပ်ပါတယ်။ အာဆီယံတခုလုံး၊ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ အစရှိတဲ့ တိုင်းပြည်တွေ အားလုံးနဲ့လည်း ကျနော်တို့တွေ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့အတွက် ကိစ္စတွေကို ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါတယ်။ ကျနော်တို့အစိုးရနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေက ပိုပြီးတော့ အားကောင်းလာတာ တွေ့ရပါလိမ့်မယ်။ ထိုင်းလွှတ်တော်က ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲ ဖြစ်သွားတာ အဲ့ဒါမျိုးတွေကလည်း တိုးတက်မှုတခုပါပဲ။ ထိုနည်းတူစွာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ကလည်း ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်။ ဒါပေမဲ့လည်း ထုတ်ဖော်ပြောကြားဖို့ အခုချိန်မှာ မရသေးပါဘူး ဆိုတာတော့ ပြောကြားချင်ပါတယ်။ ရုံးဖွင့်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ လူမှုကွန်ရက်ပေါ်မှာ ပြောကြားနေကြတာ ဖြစ်ပါတယ်။ ကျနော် အတည်ပြုချက် မလုပ်နိုင်ပါဘူး။ ကျနော့်အနေနဲ့လည်း ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်လည်း မရှိဘူးဆိုတာ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

မတ် ၇ ရက်က စတင်ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံတော်အတိုင်ပင်ခံညီလာခံနဲ့ အမျိုးသားလွှတ်တော် ညီလာခံတွေ အပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လတ်တလောမှာ နိုင်ငံခြားရေးနဲ့ပတ်သက်ပြီး အခြေခံမူ လေးချက်ရှိတယ်လို့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုထားပါတယ်။

သူပြောဆိုခဲ့တဲ့ မူလေးချက်ကတော့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ ဝင်မစွက်ဖို့၊ ပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ဘယ်ဘက်မှ မလိုက်ဘဲ ဖြောင့်မတ်တဲ့ ကြားနေအဖြစ် ပါဝင်ဖို့၊ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို ဖြေရှင်းပေးဖို့ စတာတွေဖြစ်ပါတယ်။

အဲဒါအပြင် တရုတ်နိုင်ငံဟာ ကုလလုံခြုံရေးကောင်စီဝင် နိုင်ငံကြီးတရပ်အနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ဝတ္တရားရှိတဲ့အတွက် အားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ထားရှိတယ်လို့ ဝမ်ယိက ပြောဆိုထားပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဝမ်ယိက ဒီလိုဖြေသွားတယ်ဗျ။ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းနဲ့ အဲဒီကနေ ထွက်ပေါ်လာတဲ့ လက္ခဏာများကို ဖြေရှင်းပေးရေးကိုလည်း သူတို့က အဓိကထားပါတယ်လို့ ပြောတယ်။ ဘက်စုံကပဲ ဆက်ဆံပါတယ် ပြောတော့ NUG ကို ဆက်ဆံတာလည်း ဖြစ်နိုင်တယ်။ ခုလည်း ဆက်လက်ပြီးတော့ ကြည့်ရတာ မြောက်ပိုင်းအဖွဲ့တွေနဲ့ရော တခြားအဖွဲ့တွေနဲ့ရော ဆွေးနွေးပြီးတော့ အရင်းခံအကြောင်းအရင်းဆိုတာ၊ မြန်မာပြည်ရဲ့ အရင်းခံ အကြောင်းရင်းက ဒီစစ်အာဏာရှင်စနစ်ကြီးပဲ ဖြစ်တာကိုး။ စစ်တပ်နဲ့ပါ ဆွေးနွေးနေတယ်နဲ့ တူတယ်။ အဲဒီတော့ ဖြစ်နိုင်ပါတယ်၊ NUG ကို ကမ်းလှမ်းတာတို့ ဘာတို့ဆိုတာလည်း ဖြစ်နိုင်ပါတယ်” လို့ ပေြာပါတယ်။

မြန်မာ့အရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ် နောက်ဆက်တွဲ ကူမင်းသဘောတူညီချက် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲသတင်းတချို့ မတ်လဆန်းမှာ ထွက်ပေါ်ခဲ့ပြီး အစည်းအဝေး အချက်အလက်တွေကို တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

ကူမင်းသဘောတူညီချက်ဟာ စစ်ကောင်စီအတွက် အလားအလာကောင်း မဟုတ်သလို ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်လည်း ရာနှုန်းပြည့် လက်ခံနိုင်စရာ ရလဒ်မျိုး မဟုတ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက မှန်းဆကြပါတယ်။

ဆက်လက်ပြီး ဒေါက်တာလှကျော်ဇောက “ကျမတို့နိုင်ငံက အစစအရာရာ ချို့တဲ့နေပြီး ကျဆုံးနိုင်ငံ မဖြစ်ရုံတမည်ပဲ ရှိတော့တာ။ ဒါပေမဲ့လို့ ကျမတို့တိုင်းပြည်က ပထဝီ အနေအထားအရ အင်မတန် အချက်အချာကျတဲ့နေရာမှာ ရှိတဲ့အတွက် အိမ်နီးနားချင်းတွေကလည်း အင်မတန် အင်အားကြီးတဲ့ နိုင်ငံတွေ ရှိတာပေါ့နော်။ အဲဒီဟာတွေနဲ့ ဆက်ဆံတဲ့အခါမှာ တတ်နိုင်သမျှ ချိန်ခွင်လျှာညှိပြီးတော့ သတိထားပြီး ဆက်ဆံဖို့ လိုတယ်နော်။ အခု NUG က အနောက်နိုင်ငံတွေနဲ့ အဆင်ပြေသလိုပဲ အရှေ့နိုင်ငံတွေနဲ့ အဆင်ပြေအောင် သူလုပ်ရမှာပဲ။ ကျမတို့က လူတိုင်းနဲ့ အဆင်ပြေအောင် နေရမှာပဲ။ သူ့နိုင်ငံအကျိုးစီးပွားနဲ့ ကျမတို့နိုင်ငံ အကျိုးစီးပွားနဲ့ တစုံတရာ တူညီနေတဲ့အခါမှာ အတူတူတွဲလုပ်လိုက်တာပေါ့။ မတူညီတဲ့အခါမှာ ကျမတို့က ကျမတို့နိုင်ငံ အကျိုးစီးပွားကို ပိုပြီးလုပ်နိုင်တဲ့ အချက်အလက်ကို ကျမတို့ရှာရမှာပေါ့” လို့ သုံးသပ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ အလွန်မှာ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်တဲ့ပုံစံဟာ အရင်ကထက်ပိုပြီး သိသာတဲ့ အရွေ့တွေ ရှိလာတာပါ။

မြန်မာ့အရေးမှာ တရုတ်ပါဝင်လာမှုနဲ့အတူ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ချိန်ခွင်လျှာညှိရေး လုပ်ငန်းတွေကလည်း ပိုပြီးထင်ရှားလာပါတယ်။

မြန်မာ့အရေးနဲ့ ပြည်သူတွေကို အထောက်အပံ့ပေးဖို့ ကိစ္စရပ်တွေကို အချိန် ၃ နှစ်ကျော် လျစ်လျူရှုထားရာကနေ ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေလည်း ပိုအားကောင်းလာတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013