DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် လက်နက်ချ ဝင်ရောက်လာဟု စစ်တပ်ဝါဒဖြန့် 
DVB
·
April 24, 2026
Photo: စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်
Photo: စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်
Donate to DVB

မန္တလေးတိုင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက စစ်တပ်ဆီ လက်နက်ချ အလင်းဝင်တယ်ဆိုတဲ့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၁၇ ယောက်ကို မိဘတွေဆီ ပြန်အပ်တဲ့ ခမ်းအနားကို  ဧပြီ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြုလုပ်ခဲ့တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

စစ်တပ်ဆီလက်နက်ချတဲ့သူတွေဟာ အမျိုးသား ၄၇၀ နဲ့ အမျိုးသမီး ၄၇ ယောက်ဖြစ်ပြီး မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF၊ TNLA၊ PLA အပါအဝင် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာနဲ့ ပြင်ဦးလွင်ခရိုင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်ဆီ လက်နက်ချသွားသူ အနည်းငယ်ရှိပေမဲ့ စစ်တပ်က ထုတ်ပြန်တဲ့ လူအရေအတွက်လောက် မများဘူးလို့ ငြင်းဆိုထားကြပါတယ်။

စစ်တပ်ဆီကို ပူးပေါင်းသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ တချို့ဟာ တပ်ရင်းတပ်ဖွဲ့တွေ ဆီမှာရှိနေစဉ်တုန်းက အဂတိမှု၊ ပြစ်မှု ကျူးလွန်တာတွေရှိခဲ့ပြီး အရေးယူခံရမှာကြောက်လို့ ပူးပေါင်း သူတွေလည်း ရှိတယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အခုလက်ရှိ ဒေသတွင်းအခြေအနေကတော့ အကြမ်းဖက်စစ်တပ်ဆီ ပူးပေါင်းသွားတဲ့သူတွေ တွေ့နေရတယ်။ ရှိလည်း ရှိပါတယ်။ အဓိကတော့ စိတ်သဘောထားမတိုက်ဆိုင်တဲ့သူတွေ၊ နောက်တခုက တယောက်နဲ့တယောက် အာဏာလုယူမှုတွေ၊ အဂတိလိုက်စားတဲ့သူတွေပေါ့၊ သူတို့ကို ဖမ်းမှာကြောက်တာနဲ့ တပ်ဘက်ကို ပူးပေါင်းသွားတာ။”

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေကြောင့် လက်နက်စွန့်သွားသူ တချို့ရှိပေမဲ့ စစ်တပ်က ထုတ်ပြန်သလောက် လူဦးရေ အများအပြားမရှိဘူးလို့ မန္တလေးတိုင်း အခြေပြုတော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဒါ့ပေမဲ့ လက်နက်စွန့်သွားတဲ့ တပ်ဖွဲ့ဝင်တွေအားလုံးနီးပါး စစ်တပ်ဆီရောက်သွားတာမဟုတ်ဘဲ မိသားစု စားဝတ်နေရေးကြောင့် တော်လှန်ရေးကနေ စွန့်ခွာသွားပြီး တခြားလုပ်ငန်းတွေ လုပ်နေကြ တဲ့ ရဲဘော်တွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်အခြေစိုက် တော်လှန်ရေးတပ်တစ်ခုက တာဝန်ရှိသူက “လက်နက်စွန့်သွားသူတွေ ရှိပါတယ်။ လက်နက်စွန့်ပေမဲ့ စစ်တပ်ဆီပူးပေါင်းတာမဟုတ်ဘူး။ သူတို့က တော်လှန်ရေးအပေါ် သစ္စာ မဖောက်ပါဘူး။ ကိုယ့်ဒေသမှာပဲ မိသားစုအတွက် အလုပ်လုပ်နေကြသူတွေ အများကြီး ရှိပါတယ်။ အခုစစ်တပ်က ထုတ်ပြန်တဲ့လူစာရင်းအတိုင်းကတော့ မဖြစ်နိုင်ပါဘူး။ တချို့တလေတော့ ပါတာပေါ့” လို့ ပြောပါတယ်။

စစ်တပ်ကတော့ လက်နက်စွန့်ပြီး နေရပ်ပြန်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုဟာ မန္တလေးနဲ့ မိုးကုတ်ဒေသတွေကဖြစ်ပြီး ကချင်၊ ကရင်နီ၊ ပအိုဝ်း၊ စစ်ကိုင်း၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ဒေသတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပေမဲ့ အဲဒီဒေသတွေက တော်လှန်ရေးတပ်တွေက တော့ ငြင်းဆိုထားကြပါတယ်။

မတ် ၁၉ ရက်တုန်းကလည်း စစ်တပ်ရဲ့ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအဖွဲ့တွေဆီကနေ လူ ၅၀၆ ယောက် အလင်းဝင်ခဲ့တယ်လို့ စစ်တပ်ကပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ဖူးပေမဲ့ အများစုဟာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ပြောထားကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013