DVB Logo
Home
မြန်မာသတင်း
ပခုံးထမ်းဒုံးလက်နက်များ စစ်ကောင်စီလေတပ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်ဟု သုံးသပ်
DVB
·
March 14, 2024
ပခုံးထမ်းဒုံးလက်နက်များ စစ်ကောင်စီလေတပ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်ဟု သုံးသပ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တိုက်ပွဲတွေပြင်းထန်နေချိန် ကရင် တော်လှန်အင်အားစုတွေဘက်က ထုတ်ပြလာတဲ့ ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို အလုံးစုံ မဖျက်ဆီးနိုင်တောင် နှောင့်ယှက်နိုင်လိမ့်မယ်လို့ စစ်လက်နက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။  

မြဝတီဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေချိန်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက မတ်လ ၁၂ ရက်နေ့မှာ ပခုံးထမ်းဒုံးတွေ ကိုင်ဆောင်နေတဲ့ ဓာတ်ပုံတွေ ကို ထုတ်ဖော်ပြသလာတာဖြစ်ပါတယ်။

ပခုံးထမ်းလေကာဒုံးတွေဟာ  တရုတ်ထုတ် HN-5 လို့ ယူဆရပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေက ဒီဇိုင်းထုတ်ခဲ့တဲ့ ပထမမျိုးဆက်ဖြစ်ကာ ထိရောက်မှုအကွာအဝေး ၂ ဒသမ ၇ မိုင်အတွင်း ရှိနိုင်တယ်လို့ စစ်လက်နက်ပစ္စည်းလေ့လာသူ Tactical Raptor က DVB ကို ပြောပါတယ်။  

ပခုံးထမ်း လေကာဒုံးအရေအတွက် များများသုံးနိုင်မှ လေကြောင်းရန်ကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်မယ်လို့လည်း  Tactical Raptor က သုံးသပ်ပြောဆိုပါတယ်။

“မြဝတီမှာ တွေ့ရတဲ့ MANPADS က ရုရှားထုတ် 9K32 Strela-2 ဒါမှမဟုတ် Strela-2 ကို တရုတ်က ပြန်ထုတ်ထားတဲ့ HN-5 ဖြစ်နိုင်ပါတယ်။ ပထမမျိုးဆက် MANPADS တွေဖြစ်လို့ တိုက်လေယာဉ်ကို ပစ်ချဖို့ သိပ်မထိရောက်ပါဘူး။ အနိမ့်ပျံရဟတ်ယာဉ်တွေကိုတော့ ထိရောက်မှု ရှိနိုင်ပါတယ်။ နောက်တခုက ဒီလက်နက်ထဲက ဒုံးကျည်ကို အသက်သွင်း ပစ်ခတ်ဖို့ ဘက်ထရီတွေ လိုပါတယ်။ ပုံတွေမှာ Thermal battery တွေ တပ်ဆင်ထားတာမတွေ့ရဘူး။ ဘက်ထရီတခုကို စက္ကန့် ၄၀ လောက်ပဲ ခံပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာတော့ အာဆတ်ကို တော်လှန်နေတဲ့တပ်ဖွဲ့တွေက ဒီလို MANPADS တွေကိုသုံးဖို့ကား ဘက်ထရီနဲ့ laptop ဘက်ထရီတွေကို ပြုပြင်ပြီး သုံးကြပါတယ်။ နာရီဝက်‌လောက်အထိခံပြီး အားပြန်သွင်းလို့ ရလာပါတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ မြဝတီဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေဘက် ပစ်ချနိုင်တာတော့ မရှိသေးပါဘူး။  ၂၀၂၄ ခုနှစ်ထဲမှာတင် စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်နဲ့ ရဟတ်ယာဉ် ၅ စီး ပျက်ကျတာနဲ့ ပျက်စီးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေမှာ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ အမြဲလုပ်တဲ့အပြင် သယ်ပို့လေယာဉ်ဖြစ်တဲ့ Y-12နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိလာပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့မှုကို ခံထားရတဲ့ စစ်စခန်းတွေအတွက် စစ်ကောင်စီဟာ ရဟတ်ယာဉ်တွေ သုံးပြီး စစ်ကူနဲ့ ရိက္ခာပို့နေရတာပါ။ အခု ပခုံးထမ်းလေကာဒုံးတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေးတွေကို အလုံး စုံမဖျက်ဆီးနိုင်တဲ့တိုင် နှောင့်ယှက်နိုင်လိမ့်မယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“အရင်တုန်းက သူတို့ကို တန်ပြန်နိုင်မယ့် လက်နက်မရှိဘူးဆိုတာသိတော့ ထင်ရာလုပ်ခွင့်ရှိတယ် ပေါ့။ အခုအဲ့လိုမဟုတ်တော့ဘူး အခုပြောင်းလဲသွားပြီ။ ကရင်နဲ့ မွန်ဘက်မှာ ထုတ်ပြလာတဲ့ ဒီပခုံးထမ်းတွေဟာ ရဟတ်ယာဉ်နဲ့  Y 12 ကို သေချာပေါက် ဖျက်ဆီးနိုင်တယ်။ Mig 29လို Su30 လို တိုက်လေယာဉ်တွေကို မဖျက်ဆီးနိုင်ရင်တောင် မစ်ရှင်ကို နှောင့်ယှက်နိုင်တယ်၊ အဆင့်အတန်းရှိတဲ့ လက်နက်လို့ပြောလို့ရတယ်။”

နိုင်ငံတဝန်း တိုင်းရင်းသား  လက်နက်ကိုင်‌‌အဖွဲ့တွေဖြစ်တဲ့ TNLA ၊ KIA ၊ MNDAA ၊ AA နဲ့ UWSA တို့မှာ HN-5 ထက် ပိုအဆင့်မြင့်တဲ့ FN-6 ပခုံးထမ်းလေကာဒုံးတွေ ရှိတယ်လို့ နိုင်ငံတကာစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားကြပေမဲ့ အခုလို ထုတ်ပြတာက တွေ့ရခဲပြီး ထူးခြားတယ်လို့လည်း ပြောဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ ခုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး ၁၃၇ခု ၊ စာသင်ကျောင်း ၇၆ ခု နဲ့ ဆေးရုံ ၂၈ ခု ပျက်စီးခဲ့ရတယ်လို့  ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သီဟ 

Photo - Cobra Column

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013