DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
March 14, 2024
ပုဏ္ဏားကျွန်းရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်စေတီတဆူဖြစ်တဲ့ ဦးရာဇ်တောင်စေတီကို စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၃၅ တပ်ရင်းကနေ မတ် ၁၃ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဦးရာဇ်တော်စေတီရဲ့ လုံးပတ် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သမိုင်းဝင် ဦးရာဇ်တောင်စေတီကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်း အထောက်အထားတွေကို ဖျက်ဆီးနေတာဖြစ်ပြီး ရခိုင်လူမျိုးတွေကို လူမျိုးရေးဆန်ဆန် အငြိုးအတေးထားကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံ တဦးက ပြောပါတယ်။

“ဦးရာဇ်တောင်စေတီ အပါအဝင် သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေပါ၊ ရခိုင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအရ ဘာသာရေးအရပါ တန်ဖိုးထားရတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးနေတာဟာ လူမျိုးရေးဆန်ဆန် အငြိုးထားပြီးတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ စစ်‌ကောင်စီရဲ့လုပ်ရပ်ဟာ ရခိုင်ပြည်ကို အလုံးစုံဖျက်ဆီးရေးကို ရည်ရွယ်နေတာဖြစ်တယ်။”

ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က မတ် ၄ ရက်ကစပြီး ထိန်းချုပ်ထားပြီးနောက်မှာ စစ်ကောင်စီဘက်က ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ နေအိမ်၊ ကျောင်း၊ အဆောက်အအုံတွေနဲ့ ပြည်သူတွေနေထိုင်တဲ့ နေရာတွေအပြင် သမိုင်းဆိုင်ရာ အမွေအနှစ်တွေရှိတဲ့ နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့ခံတဦးက “မြို့တွင်းတိုက်ပွဲတွေ ပြီးသွားတော့ မြို့ထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က ပျက်စီးသွားပြီ။ အလယ်စု၊ ရွာသစ်၊ ရွာသာယာ၊ စံပြ ဒီရပ်ကွက်လေးခုလုံးမှာ အိမ်တွေပါ အဆောက်အအုံတွေပါ မကျန်သလောက် ဖြစ်သွားပြီ။ ဈေးရော အိမ်ရော ဘာမှမကျန်ခဲ့ဘူး။ အခုလည်း ဦးရာဇ်တောင်ကို ပစ်တာဆိုတော့ တမြို့လုံးကို ရစရာမရှိအောင် ဖျက်ဆီးနေကြတာ” လို့ ပြောပါတယ်။

ဦးရာဇ်တောင်စေတီဟာ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်တဖက်ကမ်းက သေလာပိဌိပဗ္ဗတောင်ထိပ်ပေါ်မှာ တည်ရှိပြီးတော့ ဦးရာဇ်တောင်စေတီရဲ့ လုံးပတ်မှာ ၄၀၁ ပေ ရှိပြီး ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေ ရှိပါတယ်။

ဦးရာဇ်တောင်စေတီကို ရခိုင်ဘုရင် သူရိယစက္ကမင်းနဲ့ မိဖုရား ရုဇိတာတို့ တည်ထား ကိုးကွယ်ခဲ့တာ ဖြစ်တယ်လို့ ရခိုင်သမိုင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာ နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ပုဏ္ဏားကျွန်းမြို့မဈေးက ဈေးဆိုင်ခန်း အားလုံး မီးလောင်ကုန်ပြီး ပုဏ္ဏားကျွန်းဒေသခံတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ခံရမှာ စိုးတဲ့အတွက် နိုဝင်ဘာလထဲကနေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

ရက္ခိုင့်တပ်တော်က ပုဏ္ဏားကျွန်းမြို့ကို လက်ရှိအချိန်မှာ သိမ်းပိုက်ထားပေမဲ့ လက်နက်ကြီး အန္တရာယ်နဲ့ မိုင်းအန္တရာယ်ရှိတာကြောင့် မြို့ခံတွေဟာ အခုအချိန်ထိ မြို့တွင်းကို မဝင်ရောက်နိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦတွေနဲ့ ကျောင်း၊ ဆေးရုံ၊ ဈေး၊ သာသနိက အဆောက်အဦတွေအပြင် သမိုင်းဆိုင်ရာ အထောက်အထားတွေကိုပါ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ နန်းရာကုန်းပေါ်မှာရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်တခု ပျက်စီးခဲ့ရသလို ပြတိုက်အတွင်းမှာရှိတဲ့ ကျောက်စာ၊ သမိုင်းအထောက်အထားတွေ အပါအဝင် ရှေးဟောင်းဒင်္ဂါး၊ ရှေးခေတ်ကျောက်ဆစ်လက်ရာတွေနဲ့ ကြေးထည်တွေ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးရေးဆန်ဆန် လူမျိုးတုံး သတ်ဖြတ်နေမှုတွေ အပါအဝင် သမိုင်းဆိုင်ရာ အထောက်အထားတွေကို ဖျက်ဆီးနေမှုတွေအပေါ် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးကြဖို့နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိရမှာဖြစ်ပြီး စစ်ကောင်စီကို စစ်ခုံရုံးတင်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013