DVB Logo
Home
မြန်မာသတင်း
EPS-Topik စာမေးပွဲဖြေဆိုခွင့်လျှောက်သူ ၇၅,၀၀၀ နီးပါးရှိပြီး ယခင်ထက် ၂ ဆနီးပါးတိုး
DVB
·
March 13, 2024
EPS-Topik စာမေးပွဲဖြေဆိုခွင့်လျှောက်သူ ၇၅,၀၀၀ နီးပါးရှိပြီး ယခင်ထက် ၂ ဆနီးပါးတိုး
1 / 3
Donate to DVB

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ ဦးရေဟာ ၇၅,၀၀၀ နီးပါးရှိတယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

EPS-Topik စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုခွင့်ကို မတ် ၄ ရက်ကနေ ၁၀ ရက်အထိ အွန်လိုင်းကနေ လျှောက်ထားခဲ့ပြီး ဒီနေ့မှာ လျှောက်ထားသူတွေ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းရမယ့်နေ့အလိုက် စာရင်းကို ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်မှာ မှတ်ပုံတင်ကြေးပေးသွင်းရမယ့် Payment နံပါတ်တွေမှာ စုစုပေါင်း ၇၄,၉၂၂ အထိ ရှိပါတယ်။

စာ​မေးပွဲဖြေဆိုခွင့်လျှောက်ထားစဥ်က Payment နံပါတ်တူ ကျတာတွေ ရှိတာကြောင့် လျှောက်ထားသူဦးရေဟာ ဒီထက်လည်း ပိုများနိုင်မယ်လို့ ကိုယ်တိုင်လျှောက်ထားခဲ့သူတွေက ဆိုပါတယ်။

အဲဒီစာမေးပွဲဖြေဆိုဖို့ စီစဥ်နေသူတဦးက “Payment နံပါတ်တွေ တူတာလည်း ကြားရတယ်။ အဲဒါတွေ ဘယ်လိုပြန်စိစစ်ပေးမယ်လို့တော့ မပြောတတ်သေးဘူး။ ဖြေမယ့်သူများမှာတော့ သေချာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က EPS-Topik စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူဦးရေဟာ ၃၇,၀၀၀ နီးပါး ရှိခဲ့တာကြောင့် ဒီနှစ်မှာ လျှောက်ထားသူ နှစ်ဆနီးပါး တိုးသွားတာလည်း ဖြစ်ပါတယ်။

ဒီနှစ် EPS-Topik စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားအသစ်ကို ထည့်သွင်းလိုက်သလို အမျိုးသမီးလုပ်သားတွေပါ ဝင်ရောက်ဖြေဆိုခွင့် ပေးလိုက်တာကြောင့် စိတ်ဝင်စားမှု ပိုများသွားတာ ဖြစ်တယ်လို့ အဲဒီလုပ်သားအသိုင်းအဝန်းဆီက သိရပါတယ်။

EPS-Topik စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူတဦးက “အမျိုးသမီးတွေ ပထမဆုံး ဖြေခွင့်ပေးလိုက်တော့ ဝင်လျှောက်ကြတာ။ အများကြီးတော့ မမျှော်လင့်ရဲသေးဘူး” လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ချင်တဲ့ အလုပ်သမားတွေအနေနဲ့ EPS-Topik စာမေးပွဲ အောင်မြင်ဖို့လိုတာကြောင့် ဝင်ရောက်ဖြေဆိုသူ များနေတာလို့လည်း သင်တန်းကျောင်းတချို့က ဆိုပါတယ်။

အဲဒီ EPS-Topik စာမေးပွဲအတွက် မှတ်ပုံတင်ကြေးကို မတ် ၁၉ ရက်ကနေ ဧပြီ ၅ ရက်အထိ ကြေညာထားတဲ့ Payment နံပါတ်အလိုက် ပေးသွင်းရမှာဖြစ်ပြီး တဦးကို အမေရိကန် ၂၈ ဒေါ်လာ (သို့) အဲဒီငွေပမာဏနဲ့ ကိုက်ညီတဲ့ ကျပ်ငွေ ပေးသွင်းနိုင်တယ်လို့ POEA က ကြေညာထားပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013