Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် လက်ပံပင်
DVB
·
March 13, 2024

အာဏာအကျိုးအပဲ့နဲ့ တိုင်းပြည်ဖျက်သူတွေလက်ထဲ နောက်မျိုးဆက်တွေကို ချန်မထားရက်ခဲ့သူ တော်လှန်နွေဦးပြည်သူတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ သတ္တိပြောင်မှုကို ဦးညွှတ်အလေးပြုရင်း လက်လှမ်းမီဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့ ရင်ဘတ်ချင်း ကြိုးညှိလို့ နောက်မဆုတ်တမ်း ချီတက်ခဲ့ကြတာ တော်လှန်ခရီးလည်း အတော်ပေါက်ခဲ့ပြီ။ မည်သို့ဆိုစေ ရှေ့ခရီးကို မြန်ဆန်နိုင်ဖို့ ကျန်းမာရေးကို ပိုပိုဂရုစိုက်ရင်း တော်လှန်မောင်းကို ဆပွားကြပါစို့။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် လက်ပံပင်အကြောင်းကို ရေးသား တင်ပြသွားမှာ ဖြစ်ပါတယ်။ လက်ပံပင်ဟာ အပူပိုင်းဒေသတွေမှာ အဓိကပေါက်တဲ့အပင် ဖြစ်ပြီး လက်ပံပွင့်ကို ရှေးပဝေသဏီကတည်းက မြန်မာလူမျိုးများ ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ကြတဲ့ အလေ့အထ ရှိခဲ့ကြတဲ့အပြင် အစာအာဟာရနဲ့ ဆေးဝါးအဖြစ်ပါ အသုံးပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် အစားအသောက်လည်းဖြစ်တဲ့ လက်ပံပင်ရဲ့ ဆေးဖက်ဝင် ကျန်းမာရေး အကျိုးကျေးဇူးများကို လက်လှမ်းမီဆေးပညာမှ မျှဝေဖော်ပြသွားမှာ ဖြစ်ပါတယ်။

လက်ပံပင်ကို သိပ္ပံလို Bombax ceiba လို့ခေါ်ပြီး အင်္ဂလိပ်လို red silk-cotton tree လို့ ခေါ်ပါတယ်။ ဆေးဖက်ဆိုင်ရာမှ လက်ပံပင်ရဲ့ အခေါက်၊ အပွင့်၊ အမြစ်နဲ့ အရွက် သုံးစွဲကြပါတယ်။ လက်ပံပင်မှာ xanthone, flavonoid, amino acid, quinine, triterpene, sterol, ဟိုက်ဒရိုကာဗွန်များ၊ ဖက်တီးအက်ဆစ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ဆဲလ်အဆိပ်သင့်ခြင်းကို ခုခံနိုင်စွမ်းရှိခြင်း၊ သွေးပေါင်ချိန်လျှော့ချပေးခြင်း၊ သံကောင်ကို သုတ်သင်နိုင်စွမ်းရှိခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အစာချေဖျက်ခြင်း၊ ဆီးချိုရောဂါ ထိန်းသိမ်းခြင်းနဲ့ ပိုးသတ်ဆေးအာနိသင် စတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။ အမြစ်နဲ့ ပင်စည်မှာ ဂလူးကို့စ်ဆိုက်နဲ့ တန်နင်ဓာတ်တို့ ပါဝင်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းပျက်စီးမှုအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို ဆီးဖြူသီးမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ သွေးတွင်းအဆီကို လျှော့ချပေးပြီးသွေးတိုးရောဂါဝေဒနာရှင်များအတွက် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

ထိခိုက်ရောင်ရမ်း နာကျင်ခြင်းများအတွက် အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး  နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ ဒဏ်ရာများမှာ ပြုတ်ရည်ပူပူနဲ့ ဖန်ဆေးပေးနိုင်ပြီး ဖုဖောင်း ဒဏ်နာများမှာ အရွက်ကို ထုထောင်းပြီး အုံပေးနိုင်ပါတယ်။

လက်ပံပင်ဟာ သွေးတွင်းသကြားဓာတ် လျှော့ချနိုင်တဲ့အာနိသင် ရှိတဲ့အတွက် ဆီးချို ဝေဒနာရှင်များ လက်ပံရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းဖြစ်စေ၊ လက်ပံခေါက်မှုန့်  ကော်ဖီ ၂ ဇွန်းဖြစ်စေ သွေးတွင်းသကြားပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဆီးနီ၊ ဆီးဝါ၊ ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့် ဆီးရောဂါဝေဒနာရှင်များ လက်ပံပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ဆီးရွှင်စေပါတယ်။

လက်ပံပင်အမြစ်သွေးရည် ကော်ဖီ ၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာဝင် သောက်ပေးခြင်းဖြင့် အမျိုးသားများ လိင်စွမ်းအားကို တိုးတက်စေပြီး ပန်းသေ၊ ပန်းညှိုးနဲ့ အမျိုးသား လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကိုလည်း သက်သာစေပါတယ်။

လက်ပံပွင့်မှာ သွေးယိုစီးခြင်းကို ဟန့်တားနိုင်တဲ့အာနိသင် ရှိတဲ့အတွက် အမျိုးသမီးများ ဓမ္မတာသွေးလွန်ခြင်းအတွက် လက်ပံပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို ထန်းလျက် ကော်ဖီ ၁ ဇွန်းထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းလျှောဝမ်းပျက်၊ ဝမ်းကိုက်ခြင်းအတွက် လက်ပံရွက်နုသတ္တုရည်၊ လက်ပံခေါက်သွေးရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ဆားမီးဖုတ် အနည်းငယ်ထည့်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဝလွန်သူများ လက်ပံပွင့်ဟင်းလျာများ စားသောက်ပေးခြင်းဖြင့် အစာစားလိုစိတ်ကို လျော့နည်းစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ပါးစပ်မှာ အရည်ကြည်ဖုများနဲ့ အနာများမှာ လက်ပံပင်စည်မှ အစေးကို သုတ်လိမ်းပေးနိုင်ပါတယ်။

လိပ်ခေါင်းသွေးယိုခြင်းအတွက် လက်ပံပွင့်ခြောက်မှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့နဲ့ တနေ့ ၁ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်းအတွက် လက်ပံပွင့်အမှုန့် ကော်ဖီ ၂ ဇွန်းကို တနေ့ ၁-၂ ကြိမ် သောက်သုံးနိုင်ပါတယ်။

အသီးသွေးရည်၊ အသီးမှုန့် ဟင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် အသီးပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက် တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် ကျောက်တည်ခြင်းနဲ့ အခြား ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။

အ‌ဖျားရောဂါအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်စာကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ်၊ အရေးအကြောင်းများမှာ လက်ပံပင်မှ ဆူးကို နွားနို့နဲ့သွေးပြီး ခုနှစ်ရက်ကြာ လိမ်းပါ။ အနာတွေမှာ လတ်ဆတ်တဲ့အခေါက်ကို သွေးလိမ်းပါ။

သွေးဝမ်းသွားခြင်းအတွက် ပင်စည်အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို နို့ဆီ ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းအတွက် အရွက်အညှာကို ဂျုံမှုန့်၊ နွားနို့နဲ့ပြုတ်ပြီး စားသောက်ပေးနိုင်ပါတယ်။ အရွက်အညှာကို ရေအေးထဲမှာ တညလုံး စိမ်ထားပြီး နောက်တနေ့မနက်မှာ အဲဒီရေကို နွယ်ချို၊ ပျားရည်တို့နဲ့ စားသုံးပါ။

သရက်ရွက်ကြီးခြင်းအတွက် လက်ပံပွင့်ကို ကျကျပြုတ်ပြီး တညလုံး အေးခံစိမ်ထားပါ။ အဲဒီရေကို နောက်နေ့မနက်မှာ ရွှေဒင်းဂါးပန်းအမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်စားသုံးပါ။

အခေါက်သွေးရည်ကို ခြေဖဝါးပေါ်လိမ်းခြင်းဖြင့် ပူလောင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ သံကောင်များကိုလည်း သုတ်သင်ရှင်းလင်းပေးပါတယ်။

လက်ပံပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံစားသုံးခြင်းဟာ အစာမကြေခြင်း၊ လေထိုးလေအောင့်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ လက်ပံပွင့်နဲ့ ဓာတ်မတည့်သူများနဲ့ ကိုယ်ဝန်ဆောင်များ လက်ပံပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ လက်ပံပင်ရဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး  လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူပြန်လည်ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024